သက်တမ်း ၅၀၀ ကျော် တောင်ငူမြို့ရှိ ကျုံးများ ပြန်လည် တူးဖော်ရန် လုပ်ဆောင်ခြင်းမှာ တပ်မတော်မှ အကူအညီ ပေးရန်သာ ဖြစ်ပြီး တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုပိုင် ဖြစ်ရန် မရှိကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ရှင်းလင်း

သက်တမ်း ၅၀၀ ကျော် တောင်ငူမြို့ရှိ ကျုံးများ ပြန်လည် တူးဖော်ရန် လုပ်ဆောင်ခြင်းမှာ တပ်မတော်မှ အကူအညီ ပေးရန်သာ ဖြစ်ပြီး တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုပိုင် ဖြစ်ရန် မရှိကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ရှင်းလင်း
Published 3 December 2015
ဇော်ဝင်းချစ်(တောင်ငူ)

သက်တမ်း ၅၀၀ ကျော် ရှိသည့်၊ တောင်ငူမြို့ ကျုံးများ ပြန်လည် တူးဖော်ရန် လုပ်ဆောင်ခြင်းမှာ တပ်မတော်မှ အကူအညီပေးရန်သာဖြစ်ပြီး တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု ပိုင်ဆိုင်သည့် ကျုံးဖြစ်ရန် မရှိကြောင်းတောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက ရှင်းလင်း ပြောကြားသည်။တောင်ငူမြို့ ကျုံးများ၊ ကျုံးကောများ ပြန်လည် တူးဖော်ရန်ဟုဆိုကာ မြို့ပေါ် ရပ်ကွက်များတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ပြည်သူများ၏ သဘောထား လက်မှတ်ထိုး လိုက်လံ ကောက်ခံရာတွင်သံသယ ဖြစ်ပေါ်ခဲ့ပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက ၎င်း၏ ရုံးခန်း၌ တွေ့ဆုံရှင်းလင်း ပြောကြားခဲ့သည်။“ဒါနဲ့ ပတ်သက်ပြီးတော့မှ ကျေးရွာတွေမှာတော့ မကောက်ပါဘူး၊ မြို့ပေါ်ရပ်ကွက် ၂၃ ခုကတော့ ကောက်တယ်၊ လုပ်ချင်တဲ့ သဘောထား ရပြီဆိုရင် တပ်ကို အကူအညီ တောင်းမယ် ဒီခေတ် အနေအထား အရဆိုရင်တော့ ပြည်သူလူထုကလည်း လက်ခံမှ အကူအညီတောင်းမှ သူတို့က ကူညီဖို့ ပြောတာ၊ အတင်း အဓမ္မကြီးလုပ်ခိုင်းတာလည်း မပါဘူး။ ပြည်သူလူထုကလည်း လက်ခံမှ၊ သဘော မတူဘူး ဆိုရင်တော့ လုပ်မှာ မဟုတ်ဘူး၊ ကုန်ကျစရိတ်တွေအတွက် တပ်ကပဲ လုပ်ပေးမှာ၊ တပ်က ပေးနိုင်တဲ့ အနေအထား ဖြစ်တယ်၊ တပ်က ဦးဆောင်မှာတော့ မဟုတ်ဘူး၊ လုပ်တာကတော့ ကျွန်တော်တို့ဆီက အဖွဲ့အစည်းတွေပဲ လုပ်ကြမှာ” ဟု တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက ပြောကြားသည်။တောင်ငူမြို့ သမိုင်းဝင် ကျုံးများသည် အတွင်းကျုံး အပြင်ကျုံးများ ရှိခဲ့ရာ၊ လူ့ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အရာများ ဖယ်ရှားမှုများ ဖြစ်နိုင်သည့် အတွင်းကျုံးကောကို ပြန်လည် တူးဖော်မည် မဟုတ်ဘဲ မြို့ပတ်လည် အပြင်ကျုံးများအား ပြန်လည် တူးဖော်မည် ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ စဉ်းစားတာက ဒီမြို့ရိုး အပြင်ဘက်က ပတ်ချာလည် ကျုံးတွေမှာ ဒိုက်တွေ အမှိုက်တွေ၊ ဗေဒါတွေ၊ ကောနေတဲ့ ကျုံးတွေပဲ စဉ်းစားတာ၊ သိပ်အဝေးကြီးလည်း မစဉ်းစားဘူး” ဟု ဦးသိန်းဇော်ဝင်းက ဆိုသည်။တောင်ငူမြို့ ကျုံးမှာ အရပ်လေးဘက်ပတ်လည် ကျုံးအရှည် စုစုပေါင်း ၂၈၇၀၈ ပေ၊ အနံ ၁၈၀ ပေ၊ ဧရိယာအကျယ် ၁၁၈ ဒသမ ၆ ဧက ရှိသည်။ ရှင်းလင်းပြီး ကျုံးဧရိယာမှာ ကျုံးအရှည် ၁၆၄၀၇ ပေ၊ ဧရိယာ ၆၆ ဒသမ ၉၇ အထိ အကျယ်အား ရှင်းလင်းပြီး ဖြစ်ကြောင်း၊ ကျုံးကောနှင့် ဗေဒါ အမှိုက်ရှင်းရန်ရှိသည့် ကျုံးအရှည် ၁၂၂၉၉ ပေ၊ဧရိယာ ၅၁ ဧက အကျယ်အား တပ်မတော် အကူအညီဖြင့် ဖော်ထုတ် ရှင်းလင်းမည် ဖြစ်ကြောင်း၊ ကျုံးများအား တူးဖော်ရန် ကြာမြင့်ချိန်မှာ စက်ယန္တရား ၁၆ စီးဖြင့် ရက်ပေါင်း ၉၀ ခန့် ကြာမြင့်မည် ဖြစ်ပြီး၊ လူအင်အား ၇၃၉၀၅ ဦးနှင့် သုံးစွဲမည့် ဒီဇယ်ဂါလန်ပေါင်း ၁၆၀၅၄ ဂါလန်ရှိရာ ခန့်မှန်း ကုန်စရိတ်ကျပ် သိန်း ၇၀၀၀ ခန့် ကုန်ကျ မည်ဖြစ်ကြောင်း ကျုံးများ တူးဖော်ရန် ခန့်မှန်း ကုန်ကျစရိတ် တွက်ချက်ထားသည့် စာရင်းဇယားများအရ သိရသည်။“ဒါနဲ့ ပတ်သက်ပြီး သံသယကင်းဖို့က ဘယ်ကုမ္ပဏီမှ စိုက်ထုတ်မှာ မဟုတ်ဘူး၊ တစ်ဦးတစ်ယောက်ကလည်း ကမကထ လုပ်မှာမဟုတ်ဘူး ကျွန်တော်တို့က တပ်ကို အကူအညီတောင်းမှာ၊ ရည်ရွယ်ချက်ကတော့ တစ်ဦး တစ်ယောက်ပိုင် အဖွဲ့အစည်း တစ်ခုပိုင် ဖြစ်စရာ အကြောင်းမရှိပါဘူး၊ အဓိကကတော့ သမိုင်းဝင်တဲ့ တောင်ငူမြို့ရဲ့ကျုံးကြီး သန့်ရှင်း သာယာလှပဖို့နဲ့ ကျုံးပုံစံလေး ပေါ်အောင်ပါ” ဟု ဦးသိန်းဇော်ဝင်းက ရှင်းလင်း ပြောကြားသည်။                       

Most Read

Most Recent