ပိုလန်နိုင်ငံက ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း ဘဏ္ဍာရေး အကူအညီပေးမည့် နိုင်ငံပေါင်း ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်

ပိုလန်နိုင်ငံက ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း ဘဏ္ဍာရေး အကူအညီပေးမည့် နိုင်ငံပေါင်း ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်
Published 3 December 2015
သက်ထား၊ အေးမြတ်မွန်

ပိုလန်နိုင်ငံမှ ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း ဘဏ္ဍာရေး အကူအညီပေးမည့် နိုင်ငံပေါင်း ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ပါဝင်နေကြောင်း သိရသည်။ပိုလန်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ်ကို ၂၀၁၅ ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်များတွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ အခြေစိုက် ပိုလန်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်ရုံး၏ သံရုံးတာဝန်ခံ Mr.Miroslaw Zasada က ပြောကြားခဲ့ခြင်းဖြစ်သည်။“ပိုလန်နိုင်ငံက ပေးအပ်မယ့် ဘဏ္ဍာရေး အကူအညီကို နိုင်ငံပေါင်း ၁၀ နိုင်ငံကို ပေးအပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဦးစားပေး ထိပ်ဆုံးအနေနဲ့ ထည့်သွင်းထားပါတယ်။ ကူညီမယ့် နည်းလမ်း နှစ်နည်းရှိပါတယ်။ သံရုံးကတစ်ဆင့် ဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ကူညီမှာဖြစ်ပြီး ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်အထိ ကူညီပေးမယ့် စီမံကိန်းတွေ ရှိပါတယ်” ဟု Mr.Miroslaw Zasada က ပြောကြားသည်။ပိုလန်သံရုံး (ဘန်ကောက်) မှ ကြီးမှူး၍ ပိုလန်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် “Economis, Transformation,Development and Cooperation :The past, The present and The Future Myanmar and Poland” Seminar ကို ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ပြောင်းလဲဖွံ့ဖြိုးမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။“မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဧရိယာ sector များစွာရှိပါတယ်။ အဓိက,က မန္တလေး၊ ရှမ်းပြည်တို့ကို ရွေးချယ်ထားပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့နဲ့ ကျေးလက်ဖွံ့ဖြိုးရေးပိုင်းကို ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်တယ်။ အခြားဒေသတွေကိုတော့ အလျဉ်းသင့်သလို နောက်ပိုင်း ဆက်လက်ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ယင်းသို့ အကူအညီပေးမည့် အစီစဉ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စတင်သွားမည် ဖြစ်ကာ ၂၀၂၀ တွင် အဆုံးသတ်ပြီး အကူအညီပေးသွားမည့် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်ကြောင်း သိရသည်။“၂၀၁၁ ခုနှစ် ပြောင်းလဲရေးတွေမှာ ပိုလန် အနေနဲ့က မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး တိုးမြှင့်ခဲ့တယ်။ အခု ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့နဲ့ ဘဏ္ဍာရေး အကူအညီပေးဖို့အတွက် မြန်မာကို ဦးစားပေးအနေနဲ့ ရွေးချယ်ထားတယ်လို့ ပြောသွားတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ရှိတဲ့အပြင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါမှာလည်း အတွေ့အကြုံတွေ ဝေမျှပေးဖို့ ရှိပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲမှု အခြေအနေများ၊ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ပိုလန်နိုင်ငံ၏ အတွေ့အကြုံများ၊ ပိုလန်နိုင်ငံ၏ စီးပွားရေးပြောင်းလဲ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းစနစ် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ဥရောပ အလယ်ပိုင်းဒေသရှိ စီးပွားရေး ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။      

Most Read

Most Recent