အဆီချလုပ်ငန်း ဝန်ထမ်းမိန်းကလေး ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ ကာယကံရှင်က ဆိုင်ရှင် ဇနီးမောင်နှံနှင့် ဝန်ထမ်းခုနစ်ဦးကို အမှုဖွင့်တိုင်ကြား

အဆီချလုပ်ငန်း ဝန်ထမ်းမိန်းကလေး ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ ကာယကံရှင်က ဆိုင်ရှင် ဇနီးမောင်နှံနှင့် ဝန်ထမ်းခုနစ်ဦးကို အမှုဖွင့်တိုင်ကြား
Published 3 December 2015

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊၂၇ လမ်းနှင့်၂၈ လမ်းကြားရှိ ပန်ဒိုရာ အဆီချ လုပ်ငန်းမှ ဝန်ထမ်း မိန်းကလေး ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍  ကာယကံရှင် မဇာလီဝင်းက ဆိုင်ရှင် ဇနီးမောင်နှံနှင့် ဝန်ထမ်း ခုနစ်ဦးကို ပြစ်မှုပုဒ်မ ၃၂၅/၁၁၄ ဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။ထိုသို့ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသော ပန်ဒိုရာအဆီချ လုပ်ငန်းပိုင်ရှင် ဦးလှဌေး၊ ဇနီးဖြစ်သူ ဒေါ်တင်နွယ်မောင်၊ မန်နေဂျာ မဆွေဆွေနှင်း၊ ကြီးကြပ်သူ မနှင်းသူဇာ၊ မခင်မျိုးသူ၊ မမိခက်၊ မဥမ္မာ၊ မလဲ့လဲ့ဝင်း၊ မအေးအေးငြိမ်းတို့ကို အမှတ် (၃) ရဲစခန်းတွင် (ပ) ၃၂၄/၂၀၁၅ ပြစ်မှုပုဒ်မ ၃၂၅/၁၁၄ ဖြင့် နစ်နာသူ မဇာလီဝင်းက တရားလို ပြုလုပ်၍ တိုင်ကြားခဲ့ကြောင်း သိရသည်။“လတ်တလော စစ်ချက်နဲ့ ဆေးစာ အရတော့ ၃၂၅ နဲ့ပဲ အမှုဖွင့်ထားသေးတယ်။ နောက်ထပ်ကတော့ ရှေ့နေနဲ့ တိုင်ပင်ပြီးမှ ထပ်ဖွင့်ဖို့ရှိဦးမယ် ထင်တယ်။ ဆေးစာကတော့ ပါးရိုးကျိုးသွားကြောင်း အတည်ပြုတယ်။ကလေးမလေးကို အခု စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသနေရတယ်” ဟု လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသူ ဒေါ်အမာနီက ဆိုသည်။မဇာလီဝင်းကို ရွှေဆွဲကြိုး ခိုးသည်ဟုဆိုကာ ရိုက်နှက်ခြင်း၊ သုံးညဆက်တိုက် မအိပ်စေဘဲ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခွေးလှောင်အိမ်အတွင်း ခွေးများနှင့်အတူ အိပ်စက်စေခြင်း စသည်တို့ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်က ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Most Read

Most Recent