လက်ရှိအစိုးရဝန်ကြီးဌာနများမှ လွှဲပြောင်းပေးမည့် စာရွက်စာတမ်းများအား ထုတ်ပြန်ကြေညာမှု ရှိ မရှိသည် နောင်လာမည့် အစိုးရနှင့် ဝန်ကြီးများအပေါ်တွင် မူတည်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ပြောကြား

လက်ရှိအစိုးရဝန်ကြီးဌာနများမှ လွှဲပြောင်းပေးမည့် စာရွက်စာတမ်းများအား ထုတ်ပြန်ကြေညာမှု ရှိ မရှိသည် နောင်လာမည့် အစိုးရနှင့် ဝန်ကြီးများအပေါ်တွင် မူတည်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ပြောကြား
Published 3 December 2015
နေရိုင်း၊ စိုးမင်းထိုက်၊မျိုးမင်းထက်

လက်ရှိအစိုးရဝန်ကြီးဌာနများမှ လွှဲပြောင်းပေးမည့် စာရွက်စာတမ်းများအား ထုတ်ပြန်ကြေညာမှု ရှိ မရှိသည် နောက်လာမည့်အစိုးရ၊ ဝန်ကြီးများအပေါ်တွင် မူတည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီဇင်ဘာ ၂ ရက်တွင် မီဒီယာများအား ပြောကြားသည်။ဒီဇင်ဘာ ၂ ရက်တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ အစိုးရအလွှဲအပြောင်းတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည့် အခြေအနေအပေါ် မေးမြန်းချက်အား ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ဦးရဲထွဋ်က “ပွင့်လင်းမြင်သာစွာကတော့ဗျာ ဝန်ကြီးဌာနအလိုက် စတင်ပြင်ဆင်နေပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အမြဲတမ်းအတွင်းဝန်တွေ ခန့်ခဲ့တယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မတိုင်ခင်ကစလို့  ဌာနဆိုင်ရာတွေအလိုက် မပြီးပြတ်သေးတဲ့ ငွေစာရင်း ရှင်းလင်းရမယ့်ကိစ္စတွေကို အပြီးပြတ် ရှင်းလင်းတာရှိတယ်။ ဌာနတွင်း စာရင်းစစ်တွေနဲ့ စစ်ဆေးပြင်ဆင်တာတွေ ရှိတယ်။ အဲဒါပြီးရင် ဟိုဘက်က တာဝန်လွှဲပြောင်းမယ့်သူကို စာရွက်စာတမ်းတွေနဲ့အတိအကျ လွှဲပြောင်းပေးလိုက်မှာပေါ့။ လွှဲပြောင်းလက်ခံတဲ့ဟာကို ဆက်ပြီး ထုတ်ပြန်ကြေညာမလား။ မကြေညာဘူးလား ဆိုတာကတော့ နောက်အစိုးရ၊ တာဝန်ယူမယ့် ဝန်ကြီးတွေအပေါ်မှာ မူတည်တာပေါ့။ တချို့ဟာတွေကျတော့လည်း ကိုယ့်ဝန်ကြီးဌာနထဲမှာလည်း ထိန်းသိမ်းရမယ့်ဟာတွေ ရှိတော့ အားလုံးကိုတော့ ထုတ်ပြောနိုင်မှာ မဟုတ်ဘူး”ဟု ပြောကြားသည်။လက်ရှိ အစိုးရသက်တမ်းတွင် လုပ်ဆောင်ခဲ့သည့် မြစ်ဆုံစီမံကိန်းလို စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့မှုများ ရှိပါသလားဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။အဆိုပါ မေးမြန်းမှုအား ဦးရဲထွဋ်က “စီမံကိန်းဆိုတဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်းတွေ ရှိမယ်။ အချက်အလက်တွေ ရှိမယ်။ ထုတ်လုပ်တယ်ဆိုလည်း ထုတ်လုပ်တဲ့ ကိန်းဂဏန်းတွေ ရှိမှာပေါ့။ နောက် နှစ်ဖက်သဘောတူထားတဲ့ အချက်တွေ ရှိမှာပေါ့။ ဒါတွေအားလုံးကို ကျွန်တော်တို့ လွှဲရမှာပေါ့။ ဘယ်စီမံကိန်းမဆို ဒီလိုပဲ လွှဲရမှာပဲ။ ကျွန်တော့်ဝန်ကြီးဌာနအနေနဲ့ဆိုရင် ကျွန်တော်တို့က လက်ရှိလုပ်နေတဲ့ ဟာတွေပေါ်မှာ ငွေဘယ်လောက် သုံးထားတယ်။ နောက် ငါးနှစ်စီမံကိန်း ဘာတွေလျာထားတယ်ဆိုတာ အပြည့်အစုံ လွှဲပေးရမှာပေါ့”ဟု ဖြေကြားသည်။သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှုအား “သတင်းမီဒီယာများ ဓာတ်ပုံရိုက်ခွင့် မရသည့်အပေါ်တွင် တစ်ဖက်ဖက်က တားထားလို့လား။ ဘယ်လို အခက်အခဲကြောင့်လဲ”ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။“ဘာကြောင့် ရိုက်ခွင့်မရလဲဆိုတော့ သမ္မတအိမ်တော်မှာ အဆောင်သုံးဆောင် ရှိတယ်။ အဆောင်အေက နိုင်ငံခြားဧည့်သည်တွေ လက်ခံတဲ့ ပတ်ဗလစ် ဧရိယာဖြစ်တယ်။ အဲဒီမှာလုပ်တဲ့ဟာဆိုရင် ကျွန်တော်တို့က ဖိတ်တာ။ သမ္မတအိမ်တော်မှာ သတင်းရယူတဲ့  သတင်းထောက်တွေ သတင်းရယူခွင့် ရှိတယ်။ အဆောင်ဘီကတော့ သမ္မတရဲ့သီးခြားရုံးခန်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်လုံးမှာ အဆောင်ဘီ လုပ်တဲ့ ဘယ်အစည်းအဝေးမဆို ပြင်ပမီဒီယာတွေကို မခေါ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံပိုင်မီဒီယာတွေပဲ ဝင်ရိုက်တယ်။ သူတို့တွေလည်း မနေရပါဘူး။ ပြီးရင် ချက်ချင်းထွက် အဲဒီအစဉ်အလာနဲ့ပဲ တစ်ဖက်ဖက်က ကန့်ကွက်လို့ မဟုတ်ပါဘူး”ဟု ပြန်လည်ဖြေကြားသည်။ယနေ့တွေ့ဆုံမှုတွင် NCA နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့မှု ရှိပါသလားဟု မေးမြန်းချက်အပေါ်တွင် ဦးရဲထွဋ်က NCA နှင့် ပတ်သက်ပြီး သီးခြားဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ ယခုဆွေးနွေးမှုသည် ရွေးကောက်ပွဲပြီးသည့်နေ့နှင့်အစိုးရသက်တမ်း ကုန်၍ လွှဲမည့်ကြားတွင် ဘယ်လို အေးအေးချမ်းချမ်း လုပ်နိုင်မလဲ၊ တည်ငြိမ်မှုကို ဘယ်လိုထိန်းသိမ်းထားမလဲ၊ အဲဒီကိစ္စများကို ဆွေးနွေးခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းမှာ လုပ်မည့် ပေါ်လစီ issue များကို အသေးစိတ်ဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ ယေဘုယျအားဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုသည်ကို ပြောမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“သမ္မတကြီးဘက်ကလည်း ပူးပေါင်းဆောင်ရွက်မယ်။ ဟိုဘက်ကလည်း သူတို့နိုင်ပေမယ့် အားလုံး နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ် ပြောထားတာ ရှိတယ်။ အဲဒါမျိုး ပြောတာပေါ့။ခင်ဗျားတို့ပြောသလို ပေါ်လစီတစ်ခုချင်းကို နောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးတာတော့ အခုဆွေးနွေးပွဲမှာ မရှိဘူး”ဟု ဦးရဲထွဋ်က မီဒီယာများအား ပြောကြားသည်။“ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ပြည်သူတွေက ရွေးကောက်ပွဲရလဒ် ထွက်လာပြီး နောက်ပိုင်း အသွင်ကူးပြောင်းရေးကာလ အဆင်ပြေချောမွေ့ မှုရှိပါ့မလား။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတနဲ့ တွေ့ပြီဆိုတော့ပြည်သူတွေ ပျော်လို့ရပြီလားခင်ဗျာ¨ ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။ဦးရဲထွဋ်က “ကျွန်တော်သိသလောက်ကတော့ ပြည်သူတွေက ၈ ရက်နေ့ ညကတည်းက ပျော်နေတာပဲလေ။ ကျွန်တော်သိသလောက်ကတော့ ဘယ်မှာ ကြည့်လိုက်ကြည့်လိုက် လူတွေအားလုံးက မျှော်လင့်ချက်အသစ်တွေနဲ့ ၈ ရက်နေ့ ညကတည်းက ပျော်နေတာကို ခင်ဗျားမေးတာက ကျွန်တော်ဖြေစရာတောင် မလိုဘူးထင်တယ်။  လူတိုင်းကလည်း ဒါကို အေးအေးချမ်းချမ်းလုပ်မယ်လို့ ကတိပြုထားတယ်။ တပ်မတော်ဘက်ကလည်း ကတိပြုထားတယ်”ဟု ပြန်လည်ဖြေကြားသည်။နိုင်ငံတော်သမ္မတက ရွေးကောက်ပွဲလုပ်ငန်းစဉ်များပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ပြောကြားထားကြောင်း၊ စော၍ တွေ့ဆုံခဲ့သည့်အပေါ် မှတ်ချက်ပြုပေးရန် မီဒီယာတစ်ခု၏ မေးမြန်းချက်အပေါ်တွင်“ခင်ဗျားတို့ ဘာသာခင်ဗျားတို့ အဓိပ္ပာယ်ဖွင့်နေကြတာ။ ၄၅ ရက်တို့ ၂၁ ရက်တို့  ၃၆ ရက် တို့ဆိုတာက ခင်ဗျားတို့ဘာသာ အဓိပ္ပာယ်ကောက်နေကြတာ။ ကျွန်တော်ပြောတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုတာက ရွေးကောက်ပွဲကော်မရှင်က ဟိုတစ်နေ့က နောက်ဆုံး စာရင်းချုပ် ထွက်လာပြီလေ။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်က သူကြေညာမယ့် ငွေစာရင်းကိစ္စလုပ်ပါ။ တိုင်ကြားပါ။ ဒီဟာမျိုးတွေလုပ်နေတဲ့ဟာပေါ် မူတည်ပြီးတော့ ကျွန်တော်ကတွေ့တာ။ ကျွန်တော်က ရွေးကောက်ပွဲ လုပ်ငန်းစဉ် လို့ ပြောလိုက်တော့မှ ဂဏန်းတွက်တာက ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ တွက်နေတာ။ကျွန်တော်က စောတွေ့တာလည်း မဟုတ်ဘူး နောက်ကျတွေ့တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့  ရွေးကောက်ပွဲလုပ်ငန်းပေါ် မူတည်ပြီးတော့ တွေ့လိုက်တာ”ဟု ၎င်းက ဖြေကြားခဲ့သည်။ဆက်လက်၍ “သမ္မတကြီး၏ မိသားစုနဲ့တော့ သီးသန့်တွေ့တာ မရှိပါဘူး။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတကြီးကတော်ကို နှုတ်ဆက်တဲ့အကြောင်း ပြောတာရှိသလို သမ္မတကြီးရဲ့ဇနီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြု တယ်ဆိုတာကို ထည့်သွင်းပြောတာရှိတာပေါ့။ မိသားစုနဲ့ သီးခြားတွေ့တာ မရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။အစိုးရအဖွဲ့နှင့် NLD ပူးပေါင်းပြီး ပူးတွဲကြေညာချက် ထုတ်ရန် အစီအစဉ်မရှိကြောင်း၊ အစည်းအဝေးပြီးချိန်တွင် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို  မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်သည့်အတွက် မည်သည့်အကြောင်းအရာများကို ရှင်းပြစေချင်လည်းဟု မေးမြန်းခဲ့ကြောင်း၊ နှစ်ဦးစလုံး၏ ပြောစေချင်သည့်အကြောင်းအရာများကို လာရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က မီဒီယာများအား ပြောကြားသည်။တွေ့ဆုံဆွေးနွေးမှုတွင် ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းနိုင်ရန်အတွက် မည်သည့်လုပ်ငန်းများ လုပ်မည်ဆိုသည်ကို လူကြီးနှစ်ယောက် သဘောတူခဲ့ကြောင်း၊ အဲဒီသဘောတူခဲ့သည့် အပေါ်တွင် မူတည်ပြီးနောက် အချိန်ကာလများတွင် အကောင်အထည်ဖော်မှုများ ပေါ်လာမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်သည့်အခါတွင် မဆွေးနွေးဖြစ်ခဲ့သည့် ကိစ္စအသစ်များလည်း ပေါ်လာကောင်းပေါ်လာနိုင်ကြောင်း၊ ပေါ်လာသည့်ကိစ္စအသစ်၏ အတိုင်းအတာပေါ်တွင် မူတည်ပြီး ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း၊ သေချာသည်မှာ နှစ်ဖက်ကြားတွင် ဆက်သွယ်ရေးလမ်းကြောင်းကတော့ အမြဲတမ်းပွင့်နေပြီဖြစ်ကာ ထိတွေ့ဆက်ဆံနေမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းလင်းခဲ့သည်။ 

Most Read

Most Recent