ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးဆောင်၍ ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပရှိ ရှမ်းလူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း SNLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။ထိုသို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် SNLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်ထိ သုံးရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရှမ်းအဖွဲ့အစည်းများတွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအား ၂၀၁၁ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ထားသည်။“ဟိုးအရင်တုန်းက တော်ဝင်နှင်းဆီမှာ လုပ်တဲ့ပုံစံမျိုး၊ ဒါပေမဲ့ အဲဒီထက် လေးနက်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အစည်းအဝေးတစ်ခု ရှမ်းအဖွဲ့အစည်းတစ်ခုလုံးပါတဲ့ အစည်းအဝေးတစ်ခုလို လုပ်ဆောင်သွားဖို့ ဆုံးဖြတ်တယ်။ အချိန်ကတော့ ပြောမရသေးဘူး။ ဖိတ်တာပြုတာနဲ့ အပြင်ရောက်တဲ့ ပုဂ္ဂိုလ်တွေပါမှာဆိုတော့ နည်းနည်းတော့ အချိန်ယူရဦးမှာပါ။ ရှမ်းအဖွဲ့အစည်းတွေကြီးပဲ သီးသန့်ပါပဲ”ဟု ဦးစိုင်းလိတ်က ပြောကြားသည်။အဆိုပါတွေ့ဆုံပွဲအား ထပ်မံပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် အဓိကရည်ရွယ်ချက်မှာ ရှမ်းလူမှုအဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် အတွေးအမြင်မှားယွင်းမှုများ ရှိနေသဖြင့် တွေ့ဆုံပွဲမှတစ်ဆင့် နိုင်ငံရေးအပေါ် နားလည်သဘောပေါက်စေရေးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။“အဓိက ရည်ရွယ်ချက်က အဲဒီလူမှုအဖွဲ့အစည်းမှာ လုပ်နေသူတွေ နိုင်ငံရေး စိတ်ပါဝင်စားမှုရှိလာအောင်ပေါ့နော်။ နောက်မှန်ကန်တဲ့ ရွေးချယ်မှုကို သူတို့ကိုလုပ်နိုင်အောင်ပေါ့။ ဥပမာ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း တော်တော်များများက နိုင်ငံရေးပါတီတွေက သွားပြီး အကူအညီတောင်းတဲ့အခါ ဥပမာ မဲစာရင်း မှန်၊ မမှန် သွားစိစစ်ကြပါ။ မဲပေးဖို့ အတွက် ဝိုင်းပြီးလှုံ့ဆော်ကြပါလို့ ပြောလို့ရှိရင် တို့က နိုင်ငံရေးနဲ့မဆိုင်ဘူး။ အဲဒါ နိုင်ငံရေးသမားတွေလုပ်ရမယ့် အလုပ်ဖြစ်တယ်ဆိုတဲ့ အတွေးမှားတွေ အမြင်မှားတွေရှိနေကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံရေးလုပ်ရင်ပင် ထောင်ကျတော့မလို အပြစ်ပေးခံရတော့မလို အဲဒီလိုမျိုး အတွေးပေါက်နေတဲ့သူတွေလည်း ရှိတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာ သူတို့ တိတိကျကျ နားလည်သွားဖို့အတွက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပါပဲ”ဟု ဦးစိုင်းလိတ်က ပြောကြားသည်။SNLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်အား ပြန်လည်ရွေးချယ်ရန်အတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပါတီညီလာခံ ကျင်းပမည်ဖြစ်သည်။၂၀၁၅ ရွေးကောက်ပွဲတွင် SNLD ပါတီအနေဖြင့် ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာ၊ ပြည်နယ်လွှတ်တော် ၂၅ နေရာ စုစုပေါင်း နေရာ ၄၀ အနိုင်ရရှိထားသည်။ထို့ပြင် ကျောက်မဲမြို့၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် SNLD ပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခြင်းမပြုရန် ပဋိညာဉ်ခံခြင်းအစီအစဉ် ပြုလုပ်ခြင်း၊ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များက ချီးမြှင့်ငွေ လစာ မှ ရာခိုင်နှုန်း ၂၀ အား ပါတီလွှတ်တော်ရေးရာ အထောက်အကူပြုကော်မတီလုပ်ငန်းများတွင် အသုံးပြုရန် ပါတီသို့ ပြန်လည်ပေးသွင်းရေးတို့အား ဆုံးဖြတ်ဆောင်ရွက်ခဲ့သည်။ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၅၅ နေရာရှိသည့်အနက် ခုနစ်နေရာမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘဲ ကျင်းပနိုင်ခဲ့သည့် ၄၈ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၅ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၁၂ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၂ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က သုံးနေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီက သုံးနေရာ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက တစ် နေရာ၊ “ဝ” ဒီမိုကရက်တစ်ပါတီက တစ်နေရာ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်နေရာ စသည်ဖြင့် အနိုင်ရရှိခဲ့သည်။ထို့ပြင် ရှမ်းပြည်နယ်ရှိ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက သုံးနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က သုံးနေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သုံးနေရာ၊ တအာင်း (ပလောင်)အမျိုးသားပါတီက နှစ်နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက တစ်နေရာ အနိုင်ရရှိထားသည်။ထို့အတူ ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၉၆ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ၃၂ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၂၅ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နေရာ ၂၀၊ တအာင်း (ပလောင်)အမျိုးသားပါတီက ခုနစ်နေရာ၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (PNO) ပါတီကခြောက်နေရာ၊ “ဝ” ဒီမိုကရက်တစ်ပါတီက နှစ်နေရာ၊ “ဝ”အမျိုး သားစည်းလုံးညီညွတ်ရေးပါတီက တစ်နေရာ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ တစ်နေရာ၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တစ်နေရာ အသီးသီး အနိုင်ရရှိထားသည်။
ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအဖွဲ့အစည်းများနှင့် ရှမ်းငြိမ်းချမ်းရေးအဖွဲ့များ တွေ့ဆုံပွဲ ၂၀၁၆ ခုနှစ်တွင် SNLD ပါတီမှ ဦးဆောင်ပြုလုပ်မည်















