သက်တမ်း ၅၀၀ ကျော်ရှိ တောင်ငူမြို့ ကျုံးများ ပြန်လည် တူးဖော်ရန် မြို့ပေါ်ရပ်ကွက်များတွင် လက်မှတ်ထိုး ကောက်ခံနေခြင်းကို မြို့ခံအချို့ သံသယရှိနေ

သက်တမ်း ၅၀၀ ကျော်ရှိ တောင်ငူမြို့ ကျုံးများ ပြန်လည် တူးဖော်ရန် မြို့ပေါ်ရပ်ကွက်များတွင် လက်မှတ်ထိုး ကောက်ခံနေခြင်းကို မြို့ခံအချို့ သံသယရှိနေ
Published 1 December 2015
ဇော်ဝင်းချစ်(တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ မြို့ပေါ်ရပ်ကွက်များ၌ သက်တမ်း ၅၀၀ ကျော်ရှိသည့် တောင်ငူမြို့ဟောင်း ကျုံးများအား ပြန်လည်တူးဖော်ရန် လက်မှတ်ရေးထိုး သဘောထား ကောက်ခံခြင်း ရှိနေပြီး ယင်းလက်မှတ်ရေးထိုး ကောက်ခံခြင်းအပေါ် မြို့ခံပြည်သူအချို့က လက်မှတ် ထိုးပေးလိုခြင်း မရှိဘဲ စိုးရိမ်စိတ် သံသယများ ရှိနေကြကြောင်း သိရသည်။
“လက်မှတ်လာထိုးခိုင်းတဲ့ စာမှာက အကြောင်းအရာဆိုပြီး ပါတယ်။ တောင်ငူ (ကေတုမတီ)ကျုံးကို သန့်ရှင်းလှပရေး၊ တိမ်ကော ပျက်စီးမှု မရှိရန် ပြုပြင်တူးဖော် ရှင်းလင်းရေး လုပ်ငန်းများ  လုပ်ဆောင်ခြင်းကို  ကန့်ကွက်ရန်မရှိ သဘောတူကြောင်း ဝန်ခံလက်မှတ်ရေး ထိုးခြင်းဆိုပြီး  ရေးထားတယ်။  သူတို့  လက်မှတ်ထိုးခိုင်းတဲ့ စာထဲမှာ ရေးထားတဲ့ဥစ္စာက အပေါ်မှာတော့ ဒီကျုံးတွေ မကောသွားအောင်လို့ ပြန်ဖော်မယ်ဆိုပြီးတော့ ရေးထားတယ်။ အောက်မှရေးထားတဲ့ ဥစ္စာကျတော့ ကျုံးတွေ အကုန်လုံးကို  သိမ်းကျုံးပြီး  ရေးထားတယ်။ လက်မှတ်ထိုးခိုင်းတဲ့ စာရွက်မှာ  အကြောင်းအရာပဲ ပါတယ်။ ဘယ်ကထိုးခိုင်းတာ ဘာညာဆိုတာလည်း  မပါဘူး။  နယ်မြေခံတွေကနေ ပြီးတော့မှ  ဒီကျုံးဖော်မယ့်ဟာကို  ကန့်ကွက် ရန်မရှိ သဘောတူတယ်ပေါ့။ လက်ရှိနေထိုင်တဲ့သူက  ကန့်ကွက်ရန်မရှိ သဘောတူလက်မှတ် ရေးထိုးတယ်ပေါ့။  လက်မှတ်ထိုးခိုင်းတဲ့ စာရွက်မှာပါတဲ့  ဒီစာသားက  ရှင်းမလိုလိုနဲ့ မလည်ရှုပ် ရေးထားသလို ဖြစ်နေတယ်။ အဲဒါ သဘာဝမကျ ဖြစ်နေတာ။ တောင်ငူမြို့ဟောင်း အနေအထားအရ ကျုံးတွေက အတွင်းကျုံး၊ အပြင်ကျုံးရှိတယ်။   တချို့အတွင်းကျုံးထဲ ရောက်နေတဲ့လူတွေကျတော့ သူတို့ကိုပါ ဖယ်နိုင်တယ်ဆိုပြီးတော့ သံသယဖြစ်နေတဲ့ သူတွေလည်း ရှိတယ်။ အဲဒါကြောင့် လက်မှတ်မထိုးတဲ့ သူတွေလည်း ရှိတယ်။ လုပ်မှာက  စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တပ်ကနေပြီးတော့  လာဖော်မှာလို့  လက်မှတ် လာထိုးခိုင်းတဲ့သူက အဲလိုပြောသွားတယ်” ဟု တောင်ငူမြို့ (၄) ရပ်ကွက်မှ ကိုဇော်က ဆိုသည်။
“ကျုံးတွေကို ဖော်ချင်တာတော့ ကြာပြီ။ ကျုံးကလည်း ဖော်ဖို့သင့်နေပြီလေ။ အဲဒီအခါကျတော့  အမှိုက်တွေ၊ ဒိုက်တွေ များနေပြီလေ။ အဲဒါကြောင့်မို့လို့ ဒီခေတ်ရဲ့ သဘောသဘာဝအရ သဘောတူညီချက် ယူရမှာလေ။ သဘောတူ၊ မတူဆိုတဲ့ သဘောထား လက်မှတ် ထိုးလိုက် ကောက်တာပါ။  ဒါနဲ့ပတ်သက်ပြီး ကျုံးဖော်ချင်တဲ့ ဆန္ဒရှိရင်လည်း ထောက်ခံတဲ့ လက်မှတ်ထိုးပေါ့။  ကျုံးဖော်တာနဲ့ ပတ်သက်ပြီး မကျေနပ်ဘူးဆိုရင်လည်း   မထိုးနဲ့ပေါ့။ လက်ခံရင်တော့  လုပ်မှာပေါ့။  လက်မခံရင်တော့ မလုပ်ဘူးပေါ့။ ကုမ္ပဏီရယ်လို့ မဟုတ်ပါဘူး။  ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေ ပေါင်းပြီး လုပ်ကြမှာ” ဟု တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက ပြောကြားသည်။
“၂၁ ရပ်ကွက်မှာလည်း ကျုံးဖော်ဖို့ဆိုပြီး လက်မှတ်တွေ လိုက်ထိုးခိုင်းတယ်။ စာရွက်မှာလည်း  ဘာမှရေးမထားဘူး။  ဘယ်အဖွဲ့က ထိုးခိုင်းတာလဲ ဆိုတာလည်း မေးလို့ကိုမရဘူး။ အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဝင်ထွက်သွားလာနေတဲ့ သူတွေက လိုက်ထိုးခိုင်းတာ။ ကျုံးကိုဖော်ဖို့  လက်မှတ်ထိုးခိုင်းတာကို  သဘောမတူစရာမရှိဘူး။ ဒါပေမဲ့ အခုလို လက်မှတ် လိုက်ထိုးနေတာကို သံသယ ဖြစ်နေတာ အမှန်ပဲ။ အခုအချိန်က နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေတဲ့အချိန်။  သူတို့က  ကျွန်တော်တို့ လက်မှတ်ထိုးတာတွေကို တခြားနေရာမှာ အသုံးချ သွားမှာကို စိုးရိမ်လို့ လက်မှတ်ထိုး မပေးလိုက်ဘူး” ဟု တောင်ငူမြို့ (၂၁) ရပ်ကွက်နေ သူတစ်ဦးက ပြောကြားသည်။
တောင်ငူမြို့ကျုံးများကို တောင်ငူဘုရင် မင်းကြီးညိုက  မြန်မာသက္ကရာဇ် ၈၇၂၊ တန်ဆောင်မုန်း လပြည့်နေ့တွင် မြို့ရိုး၊ ကျုံးမြောင်းတို့နှင့်တကွ တည်ခဲ့ရာ သက်တမ်း ၅၀၅ နှစ် ရှိပြီ ဖြစ်သည်။          

Most Read

Most Recent