ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းနှစ်ခုသို့ သရုပ်ဆောင်ချစ်သုေ၀ သွားရောက်၍ လှူဒါန်းကူညီမည်

ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းနှစ်ခုသို့ သရုပ်ဆောင်ချစ်သုေ၀ သွားရောက်၍ လှူဒါန်းကူညီမည်
Published 1 December 2015
လင်းလင်းခိုင်

ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းနှစ်ခုသို့ သရုပ်ဆောင် ချစ်သုေ၀ သွားရောက်ကာ လိုအပ်သည့် ကူညီလှူဒါန်းမှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ သရုပ်ဆောင် ချစ်သုဝေသည် ဒီဇင်ဘာ ၂ ရက်တွင် ရှမ်းပြည်နယ်ရှိ ဟိုင်းပါးနှင့် ဝမ်ဝစခန်းများသို့ သွားရောက်ကာ အဓိကလိုအပ်သည့် ပစ္စည်းများဖြစ်သော ဆိုလာဘက်ထရီ မီးတပ်ဆင်ပေးခြင်း၊ အိမ်သာများ တည်ဆောက်ပေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး မိတ်ဆွေများမှ လှူဒါန်းသည့် ပစ္စည်းများကိုလည်း လှူဒါန်းပေးရန် စီစဉ်ထားသည်ဟု သိရသည်။ ချစ်သုဝေသည် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းနှစ်ခုသို့ ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
“ထရီဇာ ရှမ်းပြည်နယ်က  စစ်ဘေးရှောင် စခန်းတွေကို သွားရောက် လှူဒါန်းဖို့ စီစဉ်နေပါတယ်။ လတ်တလော စီစဉ်ထားတာကတော့ ဟိုင်းပါးနဲ့ ဝမ်ဝစခန်းနှစ်ခုကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီစခန်းတွေမှာ အဓိက လိုအပ်ချက်က မီးလုံး၀ မရှိတာလို့သိရပါတယ်။ ဒါကြောင့် ကိုလင်းနဲ့ ထရီဇာတို့က ဆိုလာဘတ္တရီမီးကို စခန်း တစ်ခုစာ အခု ၂၀ လှူမယ်လို့ စီစဉ်ထားပါတယ်။ ပြီးတော့ နောက်ထပ် လိုအပ်ချက် တစ်ခုဖြစ်တဲ့ အိမ်သာပေါ့နော်။ ယာယီအိမ်သာလေးတွေ ဆောက်ပေးပြီး အိမ်သာသုံးပစ္စည်းတွေပါ လှူဒါန်းရမှာပေါ့။ စခန်းတစ်ခုစာ အိမ်သာအလုံး ၂၀ လည်း ဆောက်ပေးသွားဖို့ စီစဉ်ထားတယ်။ ဒါကတော့ ထရီဇာတို့ လှူဒါန်းမယ့်ဟာပေါ့။ ကျန်တာကတော့ အခြားရင်းနှီးတဲ့ သူတချို့ လှူဒါန်းမှာလေးတွေ ယူသွားပေးမယ်။ ပြီးရင်စခန်းက စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီးတော့ အားပေးနှစ်သိမ့်မှုတွေ လုပ်ချင်ပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေအတွက် လိုအပ်နေတာကတော့ ကျန်းမာရေးပေါ့။ လောလောဆယ်မှာ ဆရာဝန် အရမ်းလိုအပ်နေတယ်လို့လည်း သိရတယ်။ တချို့စခန်းတွေဆို ကျန်းမာရေးမှူးကိုပဲ အားကိုးနေရတာပေါ့လေ။ ကျန်းမာရေးအတွက်လည်း တတ်နိုင်သလောက် ထရီဇာ လုပ်ပေးချင်ပါတယ်”ဟု သရုပ်ဆောင် ချစ်သုဝေက ရှင်းပြသည်။
သရုပ်ဆောင် ချစ်သုဝေသည် ရှမ်းပြည်နယ် လားရှိုးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ကာ ဟိုင်းပါးနှင့် ဝမ်ဝစခန်းများသို့ ဆက်လက် သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။           

Most Read

Most Recent