မြကျွန်းသာ ဥယျာဉ်အတွင်း မက်စ်မြန်မာ၊ ဧဒင်၊ Magic Land အပါအဝင် ပုဂ္ဂလိကကုမ္ပဏီ ရှစ်ခုအား မြေငှားရမ်းခြင်းအတွက် MIC သို့ ခွင့်ပြုမိန့် တင်ထားခြင်း မရှိဟု စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြ

မြကျွန်းသာ ဥယျာဉ်အတွင်း မက်စ်မြန်မာ၊ ဧဒင်၊ Magic Land အပါအဝင် ပုဂ္ဂလိကကုမ္ပဏီ ရှစ်ခုအား မြေငှားရမ်းခြင်းအတွက် MIC သို့ ခွင့်ပြုမိန့် တင်ထားခြင်း မရှိဟု စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြ
Published 30 November 2015
ကျော်ထင်

ရန်ကုန်မြို့ရှိ အပန်းဖြေဥယျာဉ် တစ်ခုဖြစ်သော မြကျွန်းသာ ဥယျာဉ်အတွင်း မက်စ်မြန်မာ၊ ဧဒင်၊ Magic Land အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီ ရှစ်ခုအား မြေငှားရမ်းခြင်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ ခွင့်ပြုမိန့် တင်ပြခြင်း မရှိကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၃/၂၀၁၅) တွင် တင်ပြခဲ့သော ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနပိုင် မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း မက်စ်မြန်မာ၊ ဧဒင်၊ Inya Palace၊ Magic Land၊ Nay La Pwint Service၊ MGS Resort and Entertainment၊ Good Shan Brother၊ Rya Ji စသည့် ကုမ္ပဏီရှစ်ခုကို မြေငှားရမ်းထားခြင်းဖြစ်ပြီး မြေငှားရမ်းထားမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အိတ်ဖွင့်တင်ဒါ ခေါ်ယူမှု မရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။Magic Land၊ Nay La Pwint Service၊ MGS Resort and Entertainment၊ Good Shan Brother၊ Rya Ji ကုမ္ပဏီများမှာ ယခင် အစိုးရလက်ထက် ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ထိန်းသိမ်းကွပ်ကဲမှုအောက်မှ ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သို့ လွှဲပြောင်းစဉ်ကပင် ပါဝင်ခဲ့ပြီး ယခင်ဆောင်ရွက်ဆဲ လုပ်ငန်းများအား ဆက်လက်၍ စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့သည့်အပေါ် ဌာနက စာရင်းစစ်အဖွဲ့သို့ ပြန်ကြားချက်အရ သိရသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည်။ကုမ္ပဏီများအား မြေငှားရမ်းခြင်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၃ ခုနှစ် မတ် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၃) သို့ တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများအား မြေငှားရမ်းခြင်းအတွက် MIC သို့ တင်ပြ ခွင့်ပြုမိန့် မရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။မြကျွန်းသာ ဥယျာဉ်အတွင်း မြေငှားရမ်းခွင့် ရရှိထားသော ကုမ္ပဏီ ရှစ်ခုအနက် Magic Land၊ Nay La Pwint Service၊ MGS Resort and Entertainment၊ Eden၊ Rya Ji စသည့် ကုမ္ပဏီငါးခုသာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ယင်းကုမ္ပဏီ ငါးခုအနက် ကုမ္ပဏီသုံးခုသာ အမှုတွဲ တင်ပြခဲ့ကြောင်းနှင့် အမှုတွဲ တင်ပြသည့် ကုမ္ပဏီ သုံးခုအနက် တစ်ခုကိုသာ ခွင်ပြုမိန့် ထုတ်ပေးပြီး ကျန်နှစ်ခုမှာ ပုံစံလိုအပ်ချက်များ ရှိနေ၍ ငွေသွင်းရန် လိုအပ်ခြင်းနှင့် MGS Resort and Entertai-nment၊ Eden ကုမ္ပဏီတို့မှာ စည်ပင်အဆောက်အအုံ ဌာနသို့ အမှုတွဲများ တင်ပြထားခြင်း မရှိဘဲ ဆောက်လုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည်။ရန်ကုန်မြို့တော် စည်ပင်အဆောက်အအုံဌာန၏ ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်ပါ ရက်စွဲဖြင့် ခွင့်ပြုမိန့်များအား ပြန်လည်စိစစ်ရန်နှင့် ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်းများအတွက် အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းအား ရပ်ဆိုင်းထားသည်ဟု သိရပြီး ရန်ကုန်မြို့တော် စည်ပင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန အနေဖြင့် ကုမ္ပဏီများကို မြေငှားရမ်းမှု စာချုပ်ပါ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်မှု ရှိမရှိ တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ရန် လိုအပ်ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ ကုမ္ပဏီရှစ်ခုသို့ မြေငှားရမ်းမှု ကာလမှာ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၇၃ ခုနှစ် မတ် ၃၁ ရက်အထိ နှစ် ၆၀ အတွက် တစ်နှစ်လျှင် တစ်ဧကလျှင် ကျပ် ၁၂ သန်းနှင့် ငှားရမ်း စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ မြေငှားရမ်းခနှင့် စပ်လျဉ်း၍ တစ်နှစ်ပြည့်သည့် အခါတိုင်း ငှားရမ်းခကို လက်ရှိ ငှားရမ်းနှုန်းထား၏ ၁၀ ရာခိုင်နှုန်းထက် မပိုဘဲ တိုးမြှင့်ရန် ပါရှိသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကြိုတင်ငှားရမ်းခ ပေးသွင်းထားသော်လည်း ၁၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်၍ ကောက်ခံထားခြင်း မရှိသည်ကို တွေ့ရကြောင်းလည်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။သို့သော် မြကျွန်းသာ ဥယျာဉ်အတွင်း အဆိုပါ ကုမ္ပဏီ ရှစ်ခုမှ ဆောက်လုပ်ထားသော အဆောက်အအုံများမှာ အင်းလျားကန်ရေပြင် ဧရိယာအပေါ်တွင် ဆောက်လုပ်ထားခြင်း မရှိကြောင်း ဌာနမှ ဖြေကြားသည့် မျဉ်းဝက်လွှာအရ သိရသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည်။

Most Read

Most Recent