နိုင်ငံ၏ငွေကြေးနှင့် စီးပွားရေး အခြေအနေမှာ တည်ငြိမ်မှု နည်းပါးနေချိန် ဖြစ်သည့်အတွက် အစိုးရက ထပ်မံ တောင်းခံသည့် ကျပ် ၂၄၆၄ ဘီလျံကို လွှတ်တော်က လွယ်လင့်တကူ ခွင့်ပြုရန်မသင့်ဟု ကိုယ်စားလှယ်များ ဆွေးနွေး

နိုင်ငံ၏ငွေကြေးနှင့် စီးပွားရေး အခြေအနေမှာ တည်ငြိမ်မှု နည်းပါးနေချိန် ဖြစ်သည့်အတွက် အစိုးရက ထပ်မံ တောင်းခံသည့် ကျပ် ၂၄၆၄ ဘီလျံကို လွှတ်တော်က လွယ်လင့်တကူ ခွင့်ပြုရန်မသင့်ဟု ကိုယ်စားလှယ်များ ဆွေးနွေး
Published 30 November 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

နိုင်ငံ၏ ငွေကြေးနှင့် စီးပွားရေး အခြေအနေမှာ တည်ငြိမ်မှု နည်းပါးနေချိန် ဖြစ်သည့်အတွက် အစိုးရက ထပ်မံ တောင်းခံသည့် ကျပ် ၂၄၆၄ ဘီလျံကို နိုင်ငံ၏ ငွေကြေးနှင့် စီးပွားရေး တည်ငြိမ်မှု နည်းပါးနေချိန် ဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ အတွက် နောက်ထပ် အသုံးစရိတ် လိုငွေ ကျပ် ၂၄၆၄ ဘီလျံကို လွယ်လင့်တကူ ခွင့်မပြုသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ခွင့်ပြုရန် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ကိုယ်စားလှယ်များက နိုဝင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ထိုသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံခြင်းနှင့် ပတ်သက်၍ ကိုယ်စားလှယ် ခုနစ်ဦးက ဖြည့်စွက် ရန်ပုံငွေတောင်းခံသည့် ဝန်ကြီးဌာနများအနက် ဗဟိုဘဏ်၏ ၅၀၀၀ တန်ဒင်္ဂါး ထုတ်ဝေသည့်အတွက် တောင်းခံခြင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ တရုတ်ချေးငွေဖြင့် တရုတ်မှ ကားများ ဝယ်ယူမည့် ကိစ္စရပ်များနှင့် နေပြည်တော်ကောင်စီမှ တောင်းခံသည့် ဖြည့်စွက် ရန်ပုံငွေများနှင့်  ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဖြည့်စွက်ရန်ပုံငွေ တောင်းခံသည့် ပြည်ထောင်စုအဆင့် ဌာနများအနက် ဌာန ၁၄ ခု မှာလည်း ၁၀ ရာခိုင်နှုန်းအထက်မှ ၂၅ ရာ ခိုင်နှုန်း အထက်အထိ အချိန်ကာလနှင့်မမျှအောင် တောင်းခံထားကြောင်း တွေ့ရှိရသည်ဟု ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
“၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ရဲ့ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံတဲ့နေရာမှာ ကျပ် ၂၄၆၄ ဘီလျံ ထပ်မံ တောင်းခံထားတဲ့အတွက် မူလ ခွင့်ပြုငွေ၏ ၁၁ ဒသမ ၉၅ ရာခိုင်နှုန်းဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ လက်ရှိ ငွေကြေးနဲ့ စီးပွားရေးအခြေအနေမှာ တည်ငြိမ်မှု နည်းပါးနေချိန် ဖြစ်တဲ့အတွက် ကျွန်မတို့လွှတ် တော်ကြီး အနေနဲ့ လွယ်လင့်တကူ မျက်စိမှိတ် ခွင့်ပြုရန်မသင့်ဟု အကြံပြု တင်ပြလိုပါတယ်။ အလုပ်လုပ်ရမယ့် အချိန်ကာလကလည်း သုံးလခန့်သာ ကျန်ရှိပါတော့တယ်။ ကျန်ရှိတဲ့ သုံးလအတွင်းမှာ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရနဲ့ လွှတ်တော်က ထောက်ခံတဲ့ အတွက်ကြောင့် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့လည်း စိစစ်လေ့လာရန် အချိန်လုံလောက်အောင် မရတဲ့ အတွက်ကြောင့်လည်းကောင်း၊ အလွယ်တကူ ခွင့်ပြုပေးပါက အလေအလွင့်များတဲ့၊ ယိုဖိတ်မှုများတဲ့ ငွေကြေး စီမံခန့်ခွဲမှု ဖြစ်နိုင်ပါတယ်။ ထို့ပြင် နည်းလမ်းမကျဟုလည်း ဆိုရမှာ ဖြစ်ပါတယ်”ဟု ပုလဲမဲဆန္ဒနယ် မှ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
ထို့အပြင် ဒဂုံမြို့သစ် မြောက်ပိုင်း မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက ဖြည့်စွက် ရန်ပုံငွေ ဆိုသည်မှာ မူလခွင့်ပြုငွေ၏ အများဆုံး ရာခိုင်နှုန်းသာပို၍ တောင်းခံခွင့်ရှိကြောင်း၊ သုံးသင့်သုံးစွဲထိုက်သော နေရာများတွင်သာ သုံးစွဲရမည်သာ ဖြစ်ကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာန ၁၄ ခုမှာ ရှစ်ရာခိုင်နှုန်းထက် ပိုမို တောင်းခံထားသည်ကို တွေ့ကြောင်း ဆွေးနွေးခဲ့သည်။
“ကျွန်မတို့ လွှတ်တော်သက်တမ်း ကာလ ငါးနှစ်နီးပါး ရှိပါပြီ။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ၁၆၃၅ ဘီလျံ၊ ၂၀၁၃-၁၄ မှာ ၂၈၈၆ ဘီလျံ၊ ၂၀၁၄-၁၅ မှာ ၂၇၅၃ ဘီလျံ၊ အခု နောက်ဆုံး ၂၀၁၅-၁၆ မှာ ၃၆၁၄ ဘီလျံ စုစု ပေါင်း ၁၀၈၈၈ ဘီလျံ။ ကျွန်မတို့ လွှတ်တော် သက်တမ်းကာလမှာ လိုငွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို အခုဆက်ပြီးတော့ ဖြည့်စွက်ရန်ပုံငွေ ဆိုပြီး၂၄၆၄ ဘီလျံထပ်ပြီး ခွင့်ပြုလိုက်မယ်ဆိုရင် ၁၃၃၅၂ ဘီလျံ လိုငွေကြီးကို ကျွန်မတို့က လက်ခံခဲ့တယ်ဆိုတာ ရာဇဝင်တွင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံအတွက် Internal Stability ကိုပါထိခိုက်ပြီးတော့  Export တွေ မှာလည်း ထိခိုက်တဲ့အခါကျတော့ External Stability ကို ထိခိုက်၊ နိုင်ငံတော်ကိုပါ ထိခိုက်မှာကို စဉ်းစားဖို့ တင်ပြပါတယ်”ဟု ဒေါ်တင်နွယ်ဦးက ဆွေးနွေးခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေအဖြစ် ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများအတွက် ကျပ် ၂၄၆၄ ဘီလျံ အပါအဝင် ကျပ် ၂၅၃၅ ဘီလျံ တောင်းခံထားကြောင်း သိရသည်။

Most Read

Most Recent