ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှု အပါအဝင် ဒေါ်လာကိုးဘီလျံကျော် တန်ဖိုးရှိ သွင်းကုန်များ တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ဒေါ်လာသန်း ၂၅၀ ကျော် လျော့နည်း တင်သွင်းခဲ့

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှု အပါအဝင် ဒေါ်လာကိုးဘီလျံကျော် တန်ဖိုးရှိ သွင်းကုန်များ တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ဒေါ်လာသန်း ၂၅၀ ကျော် လျော့နည်း တင်သွင်းခဲ့
Published 29 November 2015

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှု အပါအဝင် ဒေါ်လာ ကိုးဘီလျံကျော် တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ သန်း ၂၅၀ ကျော် လျော့နည်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ မော်တော်ယာဉ်တင်သွင်းမှု အပါအဝင် သွင်းကုန်ပစ္စည်း တင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၉၈၅၄ ဒသမ ၄၉၅ သန်း ရှိခဲ့ကြောင်း သိရသည်။ယခင် ဘဏ္ဍာနှစ် အလားတူ ကာလတွင်မူ ပြည်ပမှ သွင်းကုန်ပစ္စည်း တင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၁၀၁၀၆ ဒသမ ၄၉၃ သန်း ရှိခဲ့သဖြင့် လက်ရှိ ဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၂၅၁ ဒသမ ၉၉၈ သန်း လေ ျာ့နည်းခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ နှစ်စဉ် တင်သွင်းနေရကြောင်း သိရသည်။အဆိုပါ သွင်းကုန်အမျိုးအစား သုံးမျိုးအနက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများမှာ တင်သွင်းမှု များခဲ့ကြောင်း သိရသည်။လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှုတွင် ဂျုံစေ့၊ ဂျုံမှုန့်၊ ရေနံထွက်ပစ္စည်း၊ လုပ်ငန်းသုံး သီးနှံဆီများ၊ ဓာတုဗေဒ ပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ သုတ်ဆေးပေါလစ်များ၊ ဓာတ်မြေသြဇာများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ ရာဘာကုန်ကြမ်း ပစ္စည်းများ၊ သတင်းစာစက္ကူများ၊ ပုံနှိပ်စက္ကူများ၊ ကုန်ထုတ်စက္ကူများ၊ စီးကရက်စက္ကူများ၊ အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊ အခြားချည်ခင်များ၊ သံနှင့်သံမဏိ ပစ္စည်းများ၊ သတ္တုကုန်ကြမ်း ပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့် ကျွတ်များ ပါဝင်ကြောင်း သိရသည်။အဆိုပါ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ငါးဖမ်းပိုက်ကွန်များ၊ မီးရထားနှင့် မီးရထား ပစ္စည်းများ၊ လေယာဉ်နှင့် လေယာဉ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ၊ သင်္ဘောနှင့် သင်္ဘောပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်း ကိရိယာများ၊ ရုပ်မြင်သံကြားစက်များ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သော ပစ္စည်း၊ လေအေးစက်များ၊ အင်ဂျင်များ၊ စက်နှင့် စက်ပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေး ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေး ပစ္စည်းများ၊ ဝါယာကြိုးများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ စက်ဘီးများ၊ မှန်ပြောင်း၊ ဓာတ်ပုံကင်မရာ၊ ရုပ်ရှင်ရိုက်ကူးစက်နှင့် ဓာတုဗေဒဆိုင်ရာ ကိရိယာများ၊ အခြားပစ္စည်းများ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေမှာ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များနေပြီး ကုန်သွယ်မှု လိုငွေပြနေကြောင်း သိရသည်။ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ သွင်းကုန်များ တင်သွင်းရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent