ပြည်ပပို့ကုန် လုပ်ငန်းရှင်များက ထိန်းချုပ်ထားသောကြောင့် ဒေါ်လာဈေး မြင့်တက်နေသော်လည်း လပွတ္တာ ကဏန်းဈေးကွက်တွင် ဈေးနှုန်းကျဆင်းလျက်ရှိကာ ကုန်အဝင် ရှားနေ

ပြည်ပပို့ကုန် လုပ်ငန်းရှင်များက ထိန်းချုပ်ထားသောကြောင့် ဒေါ်လာဈေး မြင့်တက်နေသော်လည်း လပွတ္တာ ကဏန်းဈေးကွက်တွင် ဈေးနှုန်းကျဆင်းလျက်ရှိကာ ကုန်အဝင် ရှားနေ
Published 29 November 2015
မင်းသူဝင်းထွဋ် (မြောင်းမြ)

ဒေါ်လာဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ပြည်ပပို့ကုန်များအနက် တစ်ခုအဖြစ် ပါဝင်သော လပွတ္တာ ကဏန်းဈေးကွက်အတွင်း ဈေးနှုန်းများ ကျဆင်းလျက် ရှိနေပြီး ကုန်အဝင်ပါ ရှားပါးလာလျက် ရှိနေကြောင်း ရေထွက်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။၁၀၀ ဂရမ်အထက် ကဏန်းများ တစ်ကီလိုလျှင် ကျပ် ၃၃၀၀၊ ၁၃၀ ဂရမ်အထက် ဂဏန်းများ တစ်ကီလိုလျှင် ကျပ် ၄၃၀၀၊ ၁၈၀ ဂရမ်အထက် ကဏန်းများ တစ်ကီလိုလျှင် ကျပ် ၅၃၀၀၊ ဥအပြည့်ပါသည့် ၁၅၀ ဂရမ်အထက် ကဏန်းအမများ တစ်ကီလိုလျှင် ကျပ် ၈၀၀၀၊ ဥအပြည့် ပါဝင်သည့် ၁၀၀ဂရမ်အထက် ဂဏန်းအမ တစ်ကီလိုလျှင် ကျပ် ၄၀၀၀ သို့ ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ဒေါ်လာဈေးနှုန်း မြင့်တက်နေသော်လည်း ပြည်ပပို့ကုန် လုပ်ငန်းရှင်များက ထိန်းချုပ်ထားမှုကြောင့် ဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေခြင်းဖြစ်ကြောင်း ကဏန်းဒိုင်များထံမှ သိရသည်။“ဈေးက ဒီရက်ထဲမှာ ကျတယ်။ ကဏန်းအဝင်များတဲ့ ရက်မှာပဲ ဈေးက လိုက်ကျတာ။ ဒီရက်ပိုင်းမှာပဲ ကဏန်းပေါ်တာလေ။ ဒီလို ဈေးကျနေတော့ အစ်ကိုတို့မှာလည်း လုပ်ရတာ ခက်ခဲတယ်။ တစ်ကီလိုကို ဆိုက်တွေအလိုက် အနည်းဆုံး နှစ်ရာ၊ သုံးရာကနေ တစ်ထောင်လောက်အထိ ကျသွားတယ်။ ပြည်ပပို့ကုန် ဆိုပေမယ့် တရုတ်တွေက ထိန်းချုပ်ထားတော့ ဘာမှလုပ်လို့ မရဘူး” ဟု ကဏန်းလုပ်ငန်းရှင် ဦးခင်လတ်က ပြောကြားသည်။ကဏန်းဈေးနှုန်းများ ကျဆင်းနေသည့်အပြင် ရေထွက်ကုန်များပါ ရှားပါးလာမှုကို ကြုံတွေ့နေရကြောင်း၊ ကဏန်းဒိုင်ပေါင်း တစ်ရာကျော်ရှိသည့် လပွတ္တာမြို့၌ နေ့စဉ် ကဏန်းဝင်ရောက်မှုမှာ ယခင်က တန်ချိန် ဆယ်ဂဏန်းနီးပါးအထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကဏန်းရှားပါးလာမှုကြောင့် ကုန်စည်ဒိုင်များသို့ ကဏန်း မဝင်ရောက်သည့် နေ့ရက်များပင် ရှိနေကြောင်း သိရသည်။“ကဏန်းက တအားရှားသွားပြီ။ ကျွန်တော်တို့ ဒိုင်တွေအားလုံး ကုန်မဝင်တဲ့ နေ့တွေပါ ရှိနေတယ်။ ဂရမ် ၅၀ အောက် အကောင်တွေပါ ဖမ်းပြီး အရောင်းအဝယ် လုပ်တာရော၊ လယ်ယာတွေက ပိုးသတ်ဆေးတွေ၊ ငါးဖမ်းသမားတွေက ရှော့တိုက်ဖမ်းတာရောနဲ့ ရေသတ္တဝါတွေ ရှားပါးလာတယ်။ နောင်နှစ်ဆိုရင် ဒီအလုပ်လုပ်ဖို့တောင် မလွယ်တော့ဘူး။ ဥပဒေတွေ ပြဋ္ဌာန်းထားပေမယ့် အသက်မဝင်တော့ နောင်ဆိုရင် လပွတ္တာမှာ ကဏန်းဆိုတာကို မြင်ရဖို့ မလွယ်ဘူး” ဟု ဦးခင်လတ်က ဆက်လက်ပြောကြားသည်။လပွတ္တာမြို့တွင် ကဏန်းပျော့ မွေးမြူရေးကန်များရှိ ဂရမ် ၅၀ မှ ဂရမ် ၈၀ အကြား မွေးကဏန်းများကိုပါ ဝယ်ယူလုပ်ကိုင် နေခြင်းကလည်း ကဏန်းရှားပါးမှုကို ပိုမိုဖြစ်ပေါ်လာစေကြောင်း သိရသည်။

Most Read

Most Recent