မြန်မာနိုင်ငံ၌ လက်ရှိတွင် ပြည်ပကြွေးမြီ ကျပ် ၁၀ ဒသမ ၂ ထရီလျံ ရှိနေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေသစ်ရေးဆွဲပြီး လွှတ်တော်သို့ ပေးပို့ထားကြောင်း သိရ

မြန်မာနိုင်ငံ၌ လက်ရှိတွင် ပြည်ပကြွေးမြီ ကျပ် ၁၀ ဒသမ ၂ ထရီလျံ ရှိနေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေသစ်ရေးဆွဲပြီး လွှတ်တော်သို့ ပေးပို့ထားကြောင်း သိရ
Published 29 November 2015
နီလာ

 
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်ပကြွေးမြီ ကျပ် ၁၀ဒသမ၂ ထရီလျံ ရှိနေသည် ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
 
“လက်ရှိကြွေးမြီအခြေအနေသည် ခံနိုင်ရည်ရှိနေသေးတာ တွေ့ရှိရပါတယ်။ ဘယ်အချိန်ကျရင် ကြွေးမြီခံနိုင်ရည်ရှိမှုကို ထိခိုက်လာပြီ၊ ခံနိုင်ရည်မရှိတော့ပါဘူးဆိုတာ သတိပေးရတာတွေ လုပ်ရမှာပါ။ ဥပမာ-ဒီနေ့ ပြည်ပကြွေးမြီသည် မြန်မာငွေနဲ့ ၁၀ ဒသမ၂ ထရီလျံ ရှိတယ်ဆိုပေမယ့် နောက်တစ်လ နှစ်လအတွင်းမှာ ကိုးထရီလျံလည်း ဖြစ်ရင်ဖြစ်သွားနိုင်တယ်။ ဒီကနေ့ လွှတ်တော်က အတည်ပြုတဲ့ဂဏန်း၊ တကယ်ထုတ်တဲ့ ဂဏန်း၊ အဲဒီအချိန်တွင်းမှာ တကယ်ဆပ်နေတာတွေက ဆပ်နေပြီ။ အဲဒါတွေ အကုန်လုံးကို ချေလိုက်တော့မှ လက်ရှိတကယ်ရှိတဲ့ ဂဏန်း ထွက်လာမှာပါ။ ဒီနေ့ဂဏန်းနဲ့ မနက်ဖြန်ဂဏန်း မတူပါဘူး။ နိုင်ငံတကာ ကြွေးမြီတွေကလည်း ရက်နဲ့အမျှ ပြောင်းလဲနေမှာပါ။ ဘယ်လိုပြောင်းလဲတယ်ဆိုတာ ငွေတိုက်ဦးစီးဌာနက အသိဆုံးပါပဲ”ဟု အမြဲ တမ်းအတွင်းဝန်ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
 
“ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ နည်းပညာအကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု Public Debt Management Law  အသစ်ရေးဆွဲပြီး လွှတ်တော် ပို့ထားပြီးဖြစ်ပါတယ်။ ဒီဥပဒေထွက်လာရင် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်း၊ ပြည်ပကြွေးမြီများနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲရမယ့်အချက်တွေကို အတိအကျပြဋ္ဌာန်းပြီး လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဌာန Debt Management နဲ့ Cash Management ဌာန ကြွေးမြီမှတ်တမ်းတင်တာ၊ ကြွေးမြီအစီရင်ခံတာ၊ ဆန်းစစ်တာ၊ ကြွေးမြီကို ခံနိုင်ရည် ရှိ၊ မရှိ ဆန်းစစ်ပြီး စီမံဆောင်ရွက်သွားမှာပါ”ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။
 
မြန်မာနိုင်ငံတွင်ရှိနေသည့် ပြည်တွင်း ဖြစ်စေ၊ ပြည်ပဖြစ်စေ ကြွေးမြီများနှင့် ပတ်သက်၍ သိရှိလိုပါက ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ငွေတိုက်ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
 
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံရှိနေပြီး ယင်းအနက် တရုတ်နိုင်ငံမှ ချေးယူထားသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက မေ ၂၆ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
 
 

Most Read

Most Recent