မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ လူနာများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် ဆရာဝန်လိုအပ်ချက်များ ရှိနေခြင်းကြောင့် အေအာရ်တီဆေးဝါးဖြင့် ခြောက်လကြာ သောက်ပြီးသည့် အိပ်ချ်အိုင်ဗွီ လူနာများအား နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ခံယူရန် အေအာရ်တီ တိုက်ကျွေးမှု အပါအဝင် အိပ်ချ်အိုင်ဗွီလူနာများအား ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် စနစ်အား လေ့ကျင့်သင်ကြားထားသည့် သူနာပြုများထံ လွှဲပြောင်းပေးရန် လိုအပ်ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ထံမှ သိရသည်။လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လမ်းညွှန်ချက်အသစ်အရ အိပ်ချ်အိုင်ဗွီ ရောဂါစမ်းသပ်ပြီး ရောဂါရှိသူများအား အေအာရ်တီဆေးဝါး ချက်ချင်းတိုက်ကျွေးရန် အဆိုပြုထားကြောင်း၊ မြန်မာနိုင်ငံတွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အေအာရ်တီဆေး တိုက်ကျွေးမှုကို တိုးမြှင့်ဆောင်ရွက်ရာတွင် ဆရာဝန်အင်အား နည်းပါးခြင်းသည် ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်နေပြီး လူနာများအား ကနဦးကုသမှုနှင့် နောက်ဆက်တွဲ ကျန်း မာရေးစောင့်ရှောက်မှု ပေးရာတွင် ဆရာဝန်များကိုသာ ခွင့်ပြုထားခြင်းသည် ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်နေကြောင်းနှင့် အဆိုပါ အဆိုပြုချက်အတိုင်း လိုက်နာဆောင်ရွက်စဉ်တွင် ယခင်ကထက် ဆေးသောက်ရမည့် လူနာအရေအတွက် များပြားလာခြင်းကြောင့် ဆရာဝန်များမှသာ လုပ်ဆောင်ရသည့် တာဝန်များအား လေ့ကျင့်သင်ကြားထားသည့် သူနာပြုများထံ တာဝန်လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း၊ ယခင်ကမူ အိပ်ချ်အိုင်ဗွီ လူနာများအနက် ကိုယ်ခံစွမ်းအား ပမာဏ ၅၀၀ အောက်ရှိသူများကိုသာ အေအာရ်တီဆေးဝါး ထောက်ပံ့ပေးခဲ့ပြီး ယင်းလူနာများကို အေအာရ်တီဆေးဝါး သောက်သုံးရန် စီမံခန့်ခွဲမှုများကို ဆရာဝန်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းနှင့် လက်ရှိတွင် အေအာရ်တီဆေးဝါး သောက်သုံးရန်လိုအပ်သည့် လူနာများ များပြားလာခြင်းကြောင့် အေအာရ်တီဆေး ခြောက်လကြာ သောက်သုံးပြီးသည့် အိပ်ချ်အိုင်ဗွီ လူနာများအား နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆောင်ရွက်ပေးရန် သူနာပြုများထံသို့ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။နယ်စည်းမထား ဆရာဝန်များအနေဖြင့် အဆိုပါ လူနာလွှဲပြောင်း ကုသပေးသည့် အစီအစဉ်အား နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ စီမံချက်ရှိရာ ရန်ကုန်ရုံးတွင် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ အေအာရ်တီ ဆေးသောက် သုံးပြီး ခြောက်လကျော်ကြာသည့် လူနာများအား ဆရာဝန်များထံမှာ သူနာပြုများထံသို့ လွှဲပြောင်းကုသမှု ခံယူစေကြောင်း၊ ရောဂါတည်ငြိမ်မှုရှိသည့် လူနာများအနေဖြင့် ခြောက်လတစ်ကြိမ် သူနာပြုနှင့်တွေ့ဆုံပြီး ဆေးဝါးများ ထုတ်ယူနိုင်ကာ လူနာများအနေဖြင့် ကုသမှုခံယူရန် လိုအပ်သည့် ရောဂါလက္ခဏာ ပုံစံများပေါ်လာပါက ဆရာဝန်များထံသို့ ထပ်မံလွှဲပြောင်းကာ ကုသမှုခံယူစေကြောင်းလည်း သိရသည်။
ဆရာဝန်လိုအပ်ချက် ရှိနေခြင်းကြောင့် အေအာရ်တီဆေး ခြောက်လကြာ သောက်ပြီးသူ အိပ်ချ်အိုင်ဗွီလူနာများအား သူနာပြုများထံ လွှဲပြောင်းပေးရန်လို ဟုဆို















