ပါရမီ (၁၇၄) ခရီးသည်တင်ယာဉ်မှ အရှိန်လွန်ပြီး ယာဉ်ရှစ်စီးအား ဆင့်တိုက်မှု လှည်းတန်း ခုံးတံတား အနီးတွင် ဖြစ်ပွား

ပါရမီ (၁၇၄) ခရီးသည်တင်ယာဉ်မှ အရှိန်လွန်ပြီး ယာဉ်ရှစ်စီးအား ဆင့်တိုက်မှု လှည်းတန်း ခုံးတံတား အနီးတွင် ဖြစ်ပွား
Published 28 November 2015

လှည်းတန်း ခုံးတံတား အနီးတွင် ပါရမီ (၁၇၄) ခရီးသည်တင်ယာဉ်မှ အရှိန်လွန်ပြီး ယာဉ်ရှစ်စီးဆင့်တိုက်မှု ယနေ့ (နိုဝင်ဘာ ၂၈ရက်) က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ (စိုက်ပျိူးရေးမှတ်တိုင်ဘက်မှ လှည်းတန်းဘက်သို့) မောင်းနှင်လာသည့် ယာဉ်အမှတ် 7B/..........  ပါရမီ (၁၇၄) ယာဉ်လိုင်းသည် စိန်ရတု ခန်းမရှေ့တွင်  မီးနီ၍ ရပ်ထားသည့် အငှားယာဉ် ရှစ်စီးအား အရှိန်မထိန်းနိုင်ပဲ ဆင့်တိုက်ခဲ့ကြောင်း သိရသည်။“စိုက်ပျိူးရေးမှတ်တိုင် ဘက်ကနေ မောင်းလာတဲ့ ပါရမီ (၁၇၄) ယာဉ်ကအရှိန်နဲ့ မောင်းလာတယ်။လှည်းတန်း ခုံးတံတားအောက် ရောက်တော့ မီးပွိုင့်နီလို့ ရပ်ထားတဲ့ အငှားယာဉ် ရှစ်စီးကို နောက်ကနေ အရှိန်လွန်ပြီး တိုက်မိတယ်” ဟု အမှတ် (၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းရဲ အရာရှိ တစ်ဦးမှ ပြောကြားသည်။ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက်တွင် ပါရမီ (၁၇၄) ယာဉ်မောင်းမှာ ယာဉ်ကိုထားပြီး ထွက်ပြေး တိမ်းရှောင် သွားသဖြင့် တပ်ဖွဲ့စုမှူး ဦးစီးအဖွဲ့မှ ပါရမီယာဉ်လိုင်း တာဝန်ခံများနှင့် ချိတ်ဆက်ပြီး ယာဉ်မောင်းအား စုံစမ်းရာ နိုဝင်ဘာ ၂၈ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် လှည်းတန်း ခုံးကျော်တံတား အနီးတွင် ဂျာနယ် ရောင်းချနေသည့် မ..........(၃၉) နှစ်မှာ ယာမျက်ခမ်း စုတ်ပြဲဒဏ်ရာ၊ ယာလက်ဖျံ ဖူးရောင်၊ ဆီးစပ်နှင့် ဝဲခါးစောင်း စုတ်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ထားရကြောင်း သိရသည်။“ကားရှစ်စီးကို ဆင့်တိုက်မိတဲ့ အချိန်မှာ လှည်းတန်း ခုံးတံတား အောက်မှာ ဂျာနယ် ရောင်းတဲ့ အမျိူးသမီးကိုပါ တိုက်မိလို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ တင်ထားရပါတယ်။ယာဉ်တိုက်မှု ဖြစ်ဖြစ်ချင်း ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကိုတော့ အခင်းဖြစ်တဲ့နေ့၊ နေ့လည်ပိုင်းလောက်မှာပဲ ပါရမီ တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့စုမှူး ဦးစီးအဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု အမှတ် (၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းရဲ အရာရှိ တစ်ဦးမှ ပြောကြားသည်။ယာဉ်တိုက်မှု ကျူးလွန်ခဲ့သည့် ပါရမီ (၁၇၄) ယာဉ်မှ ယာဉ်မောင်းအား ကမာရွတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ)၄၇/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၃၃၈/၂၇၉/၂၀၂ တို့ဖြင့် အမှုဖွင့် ဆက်လက် စစ်ဆေးလျှက်ရှိကြောင်း သိရသည်

Most Read

Most Recent