ကြက်သွန်နီဈေးနှုန်း တည်ငြိမ်ရေး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုမည်

ကြက်သွန်နီဈေးနှုန်း တည်ငြိမ်ရေး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုမည်
Published 28 November 2015

ကြက်သွန်နီ ဈေးနှုန်း တည်ငြိမ်ရေးနှင့် စားသုံးသူများ ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်စေရေး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုမည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကြက်သွန်နီဈေးနှုန်း တည်ငြိမ်ရေးနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂၇ ရက်က ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။အိန္ဒိယနှင့် တရုတ်တို့မှ ကြက်သွန်နီများအား အကန့်အသတ်ဖြင့် ပြည်တွင်းသို့ တင်သွင်း၍ ပြည်တွင်း ကုမ္ပဏီများကို မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ ကြီးကြပ်မှုဖြင့် ခွင့်ပြုတင်သွင်းစေမည် ဖြစ်ကြောင်း၊ မည်သည့် ပြည်တွင်း လုပ်ငန်းရှင်၊ ကုမ္ပဏီများကိုမဆို ကြက်သွန်နီ ပြည်ပမှ တင်သွင်းခွင့် တင်ပြလျှောက်ထား လာပါကလည်း သတ်မှတ်ချက်နှင့် ကိုက်ညီပါက ဆက်လက် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ပျမ်းမျှ တစ်ပိဿာကျပ် ၉၀၀၊ အောက်တိုဘာလတွင် ပျမ်းမျှ တစ်ပိဿာကျပ် ၁၂၀၀ ရှိနေရာမှ နိုဝင်ဘာလ တတိယပတ်တွင် ပျမ်းမျှ တစ်ပိဿာ ကျပ် ၄၀၀၀ နီးပါးအထိ ဖြစ်ပေါ်နေသည့်အပြင် ပြည်တွင်းမှ စိုက်ပျိုးထားသည့် မိုးကြက်သွန်များမှာ ဒီဇင်ဘာလကုန် အတွင်းမှသာ လှိုင်လှိုင်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent