ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား မွန်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အမှုဖွင့်တိုင်ကြား

ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား မွန်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အမှုဖွင့်တိုင်ကြား
Published 28 November 2015
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာတွင် မွန်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်းက ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။မွန်အမျိုးသားပါတီမှ ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးနိုင်မင်းကံလင်းက တိုင်တန်းအမှုဖွင့်ထားခြင်းဖြစ်ကြောင်း၊ ဟံဂံကျေး ရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ဝင်းညွန့်အား (ပ) ၂၁၀/၂၀၁၅၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၁ (က) ဖြင့်လည်းကောင်း၊ ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်လင်းအား (ပ) ၂၁၁/၂၀၁၅၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၂ ဖြင့် လည်းကောင်း နိုဝင်ဘာ ၂၂ ရက်က ရေးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရေးမြို့နယ် မွန်အမျိုးသားပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ထံမှ သိရသည်။“နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲလုပ်တဲ့နေ့မှာ ဟံဂံကျေးရွာ အ.ထ.က (၁) ကျောင်းမှာ ပြုလုပ်ထားတဲ့ မဲရုံအမှတ် (၁) မှာ မနက် ၈ နာရီလောက်မှာ ဆန္ဒမဲပေးတဲ့ ပြည်သူတွေ ကြိတ်ကြိတ်တိုးနေတဲ့အချိန်မှာ ကျေးရွာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်ဝင်းညွန့်က လျှို့ဝှက်မဲပေးခန်းအထိ ဝင်ပြီးတော့ “ဟောဒီဒေါင်းမှာ ထုရတယ်”ဆိုပြီး ညွှန်ပြတယ်။ အဲဒါကို မွန်အမျိုးသားပါတီ မဲရုံကိုယ်စားလှယ်က တွေ့ပြီးတော့ ကျေးရွာကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးရန်အောင်ကို အသိပေးတယ်။ ဦးရန်အောင်ကလည်း ဒေါ်ဝင်းညွန့်ကို “အစ်မအနေနဲ့ ကော်မရှင်ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပြီး အဲဒီလိုလုပ်တာ မကောင်းဘူးလို့”ပြောလိုက်တယ်။ ဒေါ်ဝင်းညွန့်ကလည်း နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ပြန်ပြောတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပါတီ ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အမှုဖွင့်တာ ဖြစ်ပါတယ်”ဟု ရေးမြို့နယ် မွန်အမျိုးသားပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နာယက ဦးရန်လင်းအောင်က The Daily Eleven သတင်းစာသို့ပြောကြားသည်။၎င်းက “အဲဒီနေ့ နံနက် ၉ နာရီလောက် အချိန်မှာ ဟံဂံကျေးရွာ မဲရုံအမှတ် (၂) အဖြစ် နဲ့ ဖွင့်လှစ်ထားတဲ့ အ.မ.က (၃) မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးညွန့်လင်းက ဘယ်အချိန်ကတည်းက မဲရုံထဲကြိုရောက်နေသလဲ မသိဘူး။ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးရန်အောင်၊ ဦး မျိုးချစ်နဲ့ ဦးနေမင်းထွန်းတို့ သုံးဦးကို နာမည်တပ်ပြီးတော့ မင်းတို့ အခုချက်ချင်း မဲရုံထဲ က ထွက်သွားစမ်းဆိုပြီး အော်ဟစ်ပြောဆို နှင်ထုတ်တယ်။ ကျေးရွာကော်မရှင်အဖွဲ့ဝင်တွေကလည်း ထွက်သွားရတယ်။ အဲဒီအချိန် မှာ ဆန္ဒမဲပေးဖို့မဲရုံထဲရောက်နေကြတဲ့ ပြည်သူတွေကို စိတ်ငြိုငြင်အောင် အော်ဟစ်ပြောဆိုတာတွေ လုပ်တယ်။ နောက်ပြီး မဲပေးဖို့ စောင့်ဆိုင်းနေကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး မဲပေးခြင်းကို မလုပ်ကြဘဲ လှည့်ပြန်သွားတဲ့လူတွေ ရှိတယ်”ဟု ပြောကြားသည်။“အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၄ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို လိပ်မူပြီး တိုင်စာပို့တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၈ ရက် ရက်စွဲနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့စာပြန်ပို့တယ်။ နိုဝင်ဘာ ၁၉ ရက်မှာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှာ ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်းက လက်မခံတဲ့အတွက်ကို ရေးမြို့မရဲစခန်းမှာ နိုဝင်ဘာ ၂၂ ရက်က အမှုဖွင့်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ ရက်မှာတော့ အခင်းဖြစ်ပွားတဲ့နေရာတွေကို ပုံစံဆွဲတာတို့ မှတ်တမ်းတင်တာတို့ လုပ်ဆောင်ပါတယ်”ဟု ဦးရန်လင်းအောင်က ပြောကြားသည်။နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD ပါတီ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၇) တွင် မွန်အမျိုးသားပါတီ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၈) တွင် NLD ပါတီ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁) တွင် မွန်အမျိုးသားပါတီ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) တွင် NLD ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ခံခဲ့ရသည်။      

Most Read

Most Recent