အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ ရေးဆွဲမည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို နောက်အစိုးရနှင့် အခင်းအကျင်းသစ်အတွက် ပြုလွယ်၊ ပြင်လွယ်ဖြစ်အောင် ရေးဆွဲမည်

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ ရေးဆွဲမည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို နောက်အစိုးရနှင့် အခင်းအကျင်းသစ်အတွက် ပြုလွယ်၊ ပြင်လွယ်ဖြစ်အောင် ရေးဆွဲမည်
Published 28 November 2015
ဇာလီမြင့်ဦး

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ ရေးဆွဲမည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို နောက်အစိုးရနှင့် အခင်းအကျင်း အသစ်အတွက် ပြုပြင်၊ ပြောင်းလွယ်ဖြစ်အောင်ရေးဆွဲသွားမည်ဟု နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့်  နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး ကော်မတီ အစည်းအဝေးတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ပြောကြားသည်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းလျန်မှုန်းက “ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးတဲ့ အထဲမှာ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်မှာ ပါရှိရမယ့် အချက်တွေ ပြီးတော့ ဘယ်လို မူဘောင်မျိုးနဲ့ လုပ်ဆောင်ရမယ် ဆိုတာကို သဘောတူ ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ဆွေးနွေးထားတာက နံပါတ်တစ်အချက်က နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို NCA စာချုပ်အပေါ်မှာ အခြေခံပြီးတော့ ရေးဆွဲရမယ်။ အဲဒါ ပထမ ကျွန်တော်တို့ သဘောတူထားချက် ဖြစ်ပါတယ်။ ဒုတိယ အချက်အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြင်လွယ်၊ ပြုလွယ်အောင် ကျွန်တော်တို့ သင့်လျော်တဲ့မူကို အသုံးချပြီးတော့ ကျွန်တော်တို့ ရေးဆွဲရမယ် ဆိုပြီးတော့ သဘောတူ ထားပါတယ်။ ပြီးတော့ နံပါတ်သုံး အချက်အနေနဲ့က ဒီနိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲတဲ့ အခါမှာ ပြင်လွယ်၊ ပြုလွယ်တဲ့ဟာလည်း ဖြစ်ရမယ်။ ပြီးတော့ ကျွန်တော်တို့ ရက်ပေါင်း ၆၀ အတွင်းမှာ ပြီးစီးနိုင်အောင်လည်း လုပ်ရမယ် ဆိုပြီးတော့ ဒီမူတွေနဲ့ပဲ ကျွန်တော်တို့ ပျော့ပြောင်းတဲ့မူကို အသုံးချပြီးတော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှလည်း တရားဝင် ကိုယ်စားလှယ်အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ပါဝင် ဆွေးနွေးစေခဲ့ကြောင်း သိရသည်။ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ (ယနေ့) တွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ဆွေးနွေးပွဲ ပထမနေ့တွင် မူဘောင်ဆိုင်ရာ နိဒါန်း၊ ပါဝင်သင့်သည့် သူများနှင့် ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်မှုဆိုင်ရာ စသည့် အခြေခံအချက် ၁၀ ချက်ကို ဆွေးနွေးခဲ့ကြောင်းနှင့် ယနေ့ ဆွေးနွေးချက် အားလုံးကို အလွတ်သဘော ဆွေးနွေးခဲ့ခြင်းသာ ဖြစ်ကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။“နံပါတ်တစ် အနေနဲ့ ကျွန်တော်တို့ ကြိုးစားတာက ဒီဖြစ်စဉ်ထဲမှာ NLD အနေနဲ့ ပါလာဖို့ကို ကျွန်တော်တို့ ကြိုးစားတယ်။ အခု ပါလာတယ်။ ပြီးတော့ သူတို့နဲ့လည်း အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ NLD အနေနဲ့ ကျွန်တော်တို့အားလုံး မမေ့ဖို့က ကျွန်တော်တို့ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ ၆၀ ကျော်ကတည်းက ကျွန်တော်တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို အာဏာလွှဲတယ်ဆိုတာ တစ်ခါမှ မရှိဖူးသေးဘူး။ အဲဒီ မရှိသေးတဲ့ ဟာကို ရှိအောင် ဆောင်ရွက်ဖို့ဆိုတာ က NLD အတွက်လည်း အရေးကြီးသလို ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးအတွက်လည်း အရေးကြီးတယ်။ လက်ရှိ အစိုးရ အတွက်လည်း အရေးကြီးတယ်။ တပ်မတော် အတွက်လည်း အရေးကြီးတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွက်လည်း အရေးကြီးတယ်။ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို NLD အနေနဲ့ ဆောင်ရွက်နေတဲ့ အချိန်မှာ မူဘောင်ဘက်မှာ သူတို့အနေနဲ့ အချိန်ပြည့် တာဝန်မပေးနိုင်လို့ရှိရင် သူတို့အစိုးရ တက်လာလို့ ဒီနိုင်ငံရေး ဆွေးနွေးပွဲဟာလည်း  အချိန်ကြာပြီးတော့ ဆွေးနွေးဖို့ လိုလို့ရှိရင် သူတို့ ပြင်ချင်တဲ့ဟာ၊ ပြုချင်တဲ့ ဟာတွေကို ပြင်လို့ပြုလို့ရအောင် ကျွန်တော်တို့ အနေနဲ့ ဒီလို အားလုံးကနေပြီးတော့ သဘောထားကြီးကြီးနဲ့ လမ်းဖွင့်ပေးတာ ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ ဘာလို့ ပြင်လွယ်၊ ပြုလွယ်လို့ ကျွန်တော်တို့ အစကတည်းက လုပ်ထားသလဲဆိုရင် အမှန်စင်စစ်က နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့အတွက် အစီအစဉ် သဘောပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးရမယ့် အကြောင်းအရာက များတယ်။ လူများတာ ဖြစ်တဲ့အတွက် စနစ်တကျနဲ့ ဒါကို ဘောင်ချမှတ်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ဒီစကားလုံးကို ကျွန်တော်တို့ သုံးခြင်းပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆက်လက် ပြောကြားသည်။နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ရှစ်ဦးစီ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးအတွက် နိုင်ငံရေး မူဘောင် တစ်ခုကို စတင် ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နည်းပညာ အထောက်အကူပြု အဖွဲ့မှ ဦးစိုင်းကျော်ညွန့်က “အစုအဖွဲ့ နှစ်ခုရဲ့ ပြောကြားမှုမှာ အခု ကျွန်တော်တို့ ရေးဆွဲနေတဲ့ မူဘောင်ဟာ ပြုလွယ်၊ ပြင်လွယ် ဖြစ်ရမယ်။ နောက်ပြီးတော့ အချိန်အကန့်အသတ်လည်း ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က NCA Timeline အတိုင်း သွားနိုင်အောင် ကျွန်တော်တို့ ဘယ်လို လုပ်ရမယ်ဆိုတဲ့ အချက်အလက်တွေကို ပြောကြားပြီးသား ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ နိုင်ငံရေး အစုအဖွဲ့ အနေနဲ့ ပြောချင်တာကလည်း အခုနောင်လာမယ့် အခင်းအကျင်းမှာ ကျွန်တော်တို့ အစိုးရလည်း အပြောင်းအလဲ ဖြစ်မယ်။ နောက်ပြီးတော့ ဒီဘက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှာလည်း ပိုပါဝင်လာပြီးတော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေ အများကြီးရှိတော့ ဒီအဖွဲ့အစည်းတွေလည်း ပါဝင်လာနိုင်အောင် ကျွန်တော်တို့က ဒီမှာ မူဘောင်ကို ရေးဆွဲတဲ့ အချိန်မှာ ခုနဝန်ကြီးပြောသွားသလိုပဲ ပြုလွယ်ပြင်လွယ် ဖြစ်အောင် နောင်လာမယ့် လူတွေအတွက် နောင်လာမယ့် အခင်းအကျင်းအတွက် အကောင်းဆုံး အဆင်ပြေဆုံးလည်း ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် အဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရတို့သည် NCA လက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့ရာ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် မတိုင်ခင် ဆွေးနွေးရမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်ထက် နောက်မကျဘဲ စတင်ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent