EITI အစီရင်ခံစာတွင် ထည့်သွင်းထားသည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု ကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ စာရင်းစစ်တမ်းအား နိုင်ငံတကာ စာရင်းစစ် အဖွဲ့က ကနဦး တိုက်ဆိုင် စစ်ဆေးပြီးဖြစ်ကာ နိုင်ငံတကာ အတွင်းဝန်ရုံးသို့ ဇန်နဝါရီအမီ တင်သွင်းမည်

EITI အစီရင်ခံစာတွင် ထည့်သွင်းထားသည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု ကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ စာရင်းစစ်တမ်းအား နိုင်ငံတကာ စာရင်းစစ် အဖွဲ့က ကနဦး တိုက်ဆိုင် စစ်ဆေးပြီးဖြစ်ကာ နိုင်ငံတကာ အတွင်းဝန်ရုံးသို့ ဇန်နဝါရီအမီ တင်သွင်းမည်
Published 27 November 2015
သက်ထား

မြန်မာနိုင်ငံမှ သဘာ၀ သယံဇာတ ပွင့်လင်းမြင်သာမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ (EITI) ဖြစ်စေရန် အစီရင်ခံစာတွင် ထည့်သွင်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု ကဏ္ဍများ၏ အခွန်ဘဏ္ဍာငွေ စာရင်းစစ်တမ်းကို  နိုင်ငံတကာ စာရင်းစစ် အဖွဲ့မှ ကနဦး တိုက်ဆိုင် စစ်ဆေးပြီးဖြစ်ကာ နိုင်ငံတကာ အတွင်းဝန်ရုံးသို့ သတ်မှတ်ချိန်ဖြစ်သည့် ဇန်နဝါရီတွင် တင်သွင်းနိုင်မည် ဖြစ်ကြောင်း မြန်မာ EITI ညှိနှိုင်း ဖော်ဆောင်ရေးရုံးမှ သိရသည်။ယင်းသို့ အစီရင်ခံစာ တင်သွင်းရန် ကနဦး အနေဖြင့် အစီရင်ခံစာ မူကြမ်းကို နိုင်ငံတကာ စာရင်းစစ် အဖွဲ့ဖြစ်သည့် Moore Stephen အဖွဲ့က ဒီဇင်ဘာ ပထမ အပတ်တွင် မြန်မာနိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။“စာရင်းစစ် အဖွဲ့ကတော့ အခွန်ဘဏ္ဍာငွေ စီးဝင်မှုကို ကနဦး တိုက်ဆိုင် စစ်ဆေးပြီး ဖြစ်ပါတယ်။ စစ်ဆေးတဲ့ အခါမှာလည်း အကုန်လုံးတော့ တူနိုင်မှာ မဟုတ်ပါဘူး။ အချို့ အပိုင်းတွေမှာ ကွာဟမှုရှိနိုင်သလို အချို့အပိုင်းတွေက တူညီနိုင်မယ်။ ဥပမာ အနေနဲ့ ရေနံ ကုမ္ပဏီတွေဆို ပေးချေတာတော့ အမေရိကန် ဒေါ်လာနဲ့ ပေးချေတယ်။ အစိုးရ အနေနဲ့ ဖော်ပြတာကျတော့ မြန်မာကျပ်ငွေနဲ့ ဖော်ပြမယ်။ အဲဒီမှာ Exchange rate တွေနဲ့တော့ ကွာဟမှု ရှိနိုင်တယ်။ ကွာတယ် ဆိုတာကလည်း ကွာသင့် ကွာထိုက်တဲ့ ကွာဟမှုလားဆိုတာ စဉ်းစားတယ်။ ကွာဟမှုတွေ ရှိနေတယ် ဆိုရင်တော့ စာရင်းစစ် အဖွဲ့က အစီရင်ခံစာမှာ Recommand အနေနဲ့ ဖော်ပြမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ EITI ညှိနှိုင်း ဖော်ဆောင်ရေးရုံးမှ ဦးမင်းဇာနည်လင်းက ပြောကြားသည်။ယင်းဘဏ္ဍာငွေ စာရင်းများကို တိုက်ဆိုင် စစ်ဆေးရန် နိုင်ငံတကာ စာရင်းစစ် အဖွဲ့ဖြစ်သည့် Moore Stephen အဖွဲ့က အစိုးရဌာနများ၊ ကုမ္ပဏီများမှ စာရင်း အချက်အလက်များကို ကောက်ယူခဲ့ပြီး ကနဦး တိုက်ဆိုင် စစ်ဆေးပြီးသွားပြီ ဖြစ်ကြောင်းသိရသည်။အဆိုပါ အစီရင်ခံစာတွင် အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍကို တင်သွင်းမည်ဖြစ်ကာ ဒုတိယ အနေဖြင့် ကျောက်မျက် ကဏ္ဍ၊ ထို့နောက် သတ္တု ကဏ္ဍတို့ကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ ကဏ္ဍများအနက် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ကုမ္ပဏီများ၏ အခွန်ဘဏ္ဍာငွေ စီးဝင်မှုကို ရာခိုင်နှုန်း ၁၀၀ တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ကာ သတ္တုကဏ္ဍတွင် ရာခိုင်နှုန်း ၅၀ နှင့် ကျောက်မျက် ကဏ္ဍတွင် ၆၇ ရာခိုင်နှုန်း တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။အလားတူ ကျောက်မျက် ကဏ္ဍတွင် ကျပ် ၁၀ ဘီလျံနှင့်အထက် ရသည့် ကုမ္ပဏီများ၊ သတ္တု ကဏ္ဍတွင်မူ ကျပ် ၀ ဒသမ ၂၅ ဘီလျံနှင့်အထက် ရရှိသည့် ကုမ္ပဏီများကို အခွန်ဘဏ္ဍာငွေ တိုက်ဆိုင် စစ်ဆေးရန် ထည့်သွင်းထားကြောင်း သိရသည်။    

Most Read

Most Recent