မြန်မာနိုင်ငံ၌ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်းကို ငွေကြေး ထောက်ပံ့မှုနှင့် ထောက်ခံ အားပေးခြင်း မပြုရန် ဂျပန်နိုင်ငံသို့ မြန်မာ့ဒေသခံ ကိုယ်စားပြု အဖွဲ့များ တောင်းဆိုစာ ပေးပို့

မြန်မာနိုင်ငံ၌ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်းကို ငွေကြေး ထောက်ပံ့မှုနှင့် ထောက်ခံ အားပေးခြင်း မပြုရန် ဂျပန်နိုင်ငံသို့ မြန်မာ့ဒေသခံ ကိုယ်စားပြု အဖွဲ့များ တောင်းဆိုစာ ပေးပို့
Published 27 November 2015
နီလာ

မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်းကို ငွေကြေး ထောက်ပံ့မှု၊ ထောက်ခံမှုများ မပြုလုပ်ရန် ဂျပန်နိုင်ငံသို့ မြန်မာ့ ဒေသခံ ကိုယ်စားပြု အဖွဲ့များမှ တောင်းဆိုစာကို  နိုဝင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ အတွင်းတွင် ပြဿနာများကို ဖြစ်ပေါ်စေသော၊ ညစ်ညမ်းစေသော ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ တည်ဆောက်ခြင်းကို ဂျပန်ဘဏ်များ ဖြစ်ကြသော Japan Bank for International Coo-peration (JBIC) နှင့် Japan International  Cooperation Agency(JICA) တို့အနေဖြင့် ငွေကြေး ထောက်ပံ့ခြင်း သို့မဟုတ် ထောက်ခံ အားပေးခြင်းများ မပြုလုပ်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ဒေသကိုယ်စားပြု ဒေသခံ သုံးဦးမှ ဂျပန်သံရုံးသို့ စာတစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ တောင်းဆိုစာသည် ဒေသခံ လူထုအပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အပေါ် ယုံကြည် စိတ်ချလက်ခံနိုင်သော ရေရှည်တည်တံ့သော အဖြေတစ်ခုကို ဂျပန်တို့ အနေဖြင့်  ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့်အတူ ကူညီလုပ်ဆောင်ရန်သင့်ကြောင်း မြန်မာနိုင်ငံမှ အရပ်ဘက် လူမှုအဖွဲ့အစည်း ၇၂ ဖွဲ့မှ ထောက်ခံ အတည်ပြုထားသော စာတစ်စောင် ဖြစ်ကြောင်း သိရသည်။“JBIC အနေနဲ့ ကျွန်မတို့ အံဒင် ဒေသလို သဘာ၀ အရင်းအမြစ်တွေ ချမ်းသာကြွယ်ဝပြီးသား နေရာတွေမှာ ကျောက်မီးသွေး စက်ရုံ လာဆောက်တာဟာ ကျွန်မတို့ ဘဝတွေကို ဖျက်ဆီးရာ ရောက်နေတယ်။ ကျွန်မတို့ဒေသ သဘာ၀ အရင်းအမြစ်၊ သန့်ရှင်းသော လေ၊ ရေ၊ အစားအစာ၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အစစအရာရာ ဖူလုံပြီးသား။ ဖွံ့ဖြိုးတိုးတက်စေချင်လို့ ကျောက်မီးသွေး စက်ရုံ လာတည်ဆောက်တယ်ဆိုတာ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟုတ်ပါဘူး။ စီမံကိန်း အကောင်အထည် မဖော်ခင် ကတည်းက ကျွန်မတို့ရဲ့ လူမှုရေး၊ စီးပွားရေးကို ထိခိုက်နေပြီ။ ဒီထက်ပိုပြီး ကျန်းမာရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်တို့ကိုပါ မထိခိုက်စေချင်တော့ဘူး။ စားဝတ်နေရေး ဖူလုံပြီး အေးချမ်းနေတဲ့ ကျွန်မတို့ ဒေသကို JBIC အနေနဲ့ လာမဖျက်ဆီးဖို့ ပြောချင်ပါတယ်။ JBIC အပါအဝင် တခြား စီမံကိန်းကို အကောင်အထည် ဖော်မယ့်သူ အနေနဲ့လည်း ဒေသခံတွေရဲ့ အသံကို နားထောင်သင့်ပါတယ်” ဟု မွန်ပြည်နယ် ရေးမြို့နယ် အံဒင် လူငယ်အဖွဲ့မှ မသီရိဦးက ဆိုသည်။“ကျွန်တော်တို့ ဒီနေ့ စာတင်ပြီးပြီ။ သူတို့ ဘယ်လို အကြောင်းပြန်မလဲဆိုတာ နားထောင် ကြည့်မယ်။ ဒီစာတင်ဖြစ်တဲ့ အကြောင်းအရင်းက ကျွန်တော်တို့ ဒေသက ရေရှားတယ်။ကုန်းမြေက ကျဉ်းတယ်။ ငါးသယံဇာတ ရှိတယ်။ သန္တာကျောက်တန်း ရှိတယ်။ သူတို့စက်ရုံတွေ ဆောက်ရင် သူတို့လိုချင်တဲ့ ရေ မပေးနိုင်ဘူး။ ကျွန်တော်တို့ ဒေသက တောင်တန်းနဲ့ မြေပြန့်ဒေသ။ အဲဒီမြေပြန့်မှာ သဘာဝဘေး အန္တရာယ် ရောက်လာလို့ရှိရင် ဒီတောင်တန်းတွေ ရှိလို့ နေလို့ရတာ။ မုန်တိုင်းကျလာပြီသို့မဟုတ် ရေတက်လာပြီဆိုရင် ဒီတောင်ပေါ် ပြေးတက်ကြတာ။ ဒီစက်မှုဇုန် ဧရိယာတွေ ဖြစ်လာပြီဆိုရင် ဒီတောင်တန်းတွေ အားလုံး ဖြိုချကြမှာ။ အဲဒီတော့ ဒီမှာရှိတဲ့ လူတွေ ရှင်သန်မှုနဲ့ နေထိုင်မှုက အားလုံး ပျက်စီးသွားမှာ။ အဲဒါတွေကြောင့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းတွေကို လုံး၀ လက်မခံနိုင်ပါဘူး” ဟု ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်း ဒေသမှ ဒေသခံ ဦးကံကြီးက ပြောကြားသည်။“ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ ငွေကြေးဆိုင်ရာ ရန်ပုံငွေ အဖွဲ့တွေနဲ့ အစိုးရ ငွေကြေးဆိုင်ရာ အဖွဲ့တွေ အနေနနဲ့ ကျောက်မီးသွေး စက်ရုံတွေကို ငွေကြေး ထောက်ပံ့မှုတွေကို လျှော့ချနေကြပြီ။ ကျောက်မီးသွေး စက်ရုံနဲ့ ပတ်သက်ပြီးJBIC၊ JICA တို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ သူတို့ ဂုဏ်သိက္ခာနဲ့ရင်းပြီး အရဲစွန့်ရာ ရောက်တယ်။ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကြောင့် ဖြစ်ပေါ်နိုင်တဲ့ လူမှုရေး အကျိုးသက်ရောက်မှုများနဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုးကျိုးတွေကို ဒေသခံ လူထုအပေါ် သက်ရောက်စေသလို ရာသီဥတု ပြောင်းလဲမှုကိုလည်း ဖြစ်စေတယ်” ဟု ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) မှ တာဝန်ခံ ကိုသန့်ဇင်က ပြောကြားသည်။ဲJBIC နှင့် JICA တို့ထံ ပေးပို့သော အဆိုပါစာတွင် မည်သည့် ကျောက်မီးသွေး စက်ရုံကိုမဆို ဒေသခံ လူထုများနှင့် တွေ့ဆုံပြီးမှသာလျှင် အကောင်အထည်ဖော်ရန် သင့်ကြောင်း၊ အကယ်၍ ဒေသခံ လူထု၏ သဘောတူညီမှု မပါဘဲ မည်သည့် စီမံကိန်းကိုမဆို ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့လျှင် သဘာ၀ ပတ်ဝန်းကျင်နှင့် ပတ်သက်သော၊ လူမှုရေးနှင့် ပတ်သက်သော ၎င်းတို့၏ ကိုယ်ပိုင် လမ်းညွှန်ချက်များကို ၎င်းတို့ ကိုယ်တိုင် ချိုးဖောက်ရာ ရောက်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    

Most Read

Most Recent