မြန်မာ မသန်စွမ်း အားကစား အဖွဲ့သည် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၈) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို အားကစားနည်း ၁၁ မျိုး၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြေးခုန်ပစ်နှင့် ရေကူး အားကစားနည်းများတွင် အင်အား အများဆုံးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။မြန်မာ မသန်စွမ်း အားကစား အဖွဲ့သည် ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ မျက်မမြင် စစ်တုရင်၊ Boccia၊ ခုနစ်ယောက် ဘောလုံး၊ Goalball၊ မြားပစ်၊ အလေးမ၊ ဘတ်စကက်ဘောနှင့် ဘိုးလင်း အားကစားနည်းများ၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြေးခုန်ပစ်နှင့် ရေကူး အားကစားနည်းတို့တွင် ၁၅ ဦးစီဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။မြန်မာ မသန်စွမ်း အားကစားအဖွဲ့တွင် အားကစားသမား ၁၀၄ ဦး ပါဝင်မည်ဖြစ်ပြီး Boccia အားကစားနည်းတွင် အင်အား အနည်းဆုံးဖြင့် သုံးဦးသာ ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ဖွင့်ပွဲ အခမ်းအနားနှင့်အတူ ခုနစ်ယောက် ဘောလုံးပြိုင်ပွဲ ပထမနေ့ ပွဲစဉ်ကိုလည်း စတင်ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အားကစားနည်း ၁၅ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် စုစုပေါင်း ၄၀၀ ကျော် ချီးမြှင့်မည်ဖြစ်ကာ မြန်မာ မသန်စွမ်း အားကစားအဖွဲ့သည် အောင်မြင်မှု ရရှိရေး အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ပြိုင်ပွဲဝင်မည့် မြန်မာ မသန်စွမ်း အားကစားသမားများ အနက်မှ အများစုမှာ တရုတ်နိုင်ငံတွင် ကာလရှည် သွားရောက် လေ့ကျင့်ထားသည့် ကစားသမားများ ဖြစ်ကြောင်း သိရသည်။
(၈) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို မြန်မာ မသန်စွမ်းအဖွဲ့ ပြေးခုန်ပစ်နှင့် ရေကူး အားကစားနည်းများ၌ အင်အား အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်