ဗဟိုဘဏ်သည် ပြည်တွင်းသုံးစွဲရန် မဟုတ်သည့် အထိမ်းအမှတ် ဒင်္ဂါးပြားများ ထုတ်လုပ်ရန် ဖြည့်စွက်ရန်ပုံငွေ တောင်းခံခဲ့ပြီး ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေကို သုံးစွဲခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ ပြန်လည်သုံးသပ်ရန် လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ တင်ပြ

ဗဟိုဘဏ်သည် ပြည်တွင်းသုံးစွဲရန် မဟုတ်သည့် အထိမ်းအမှတ် ဒင်္ဂါးပြားများ ထုတ်လုပ်ရန် ဖြည့်စွက်ရန်ပုံငွေ တောင်းခံခဲ့ပြီး ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေကို သုံးစွဲခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ ပြန်လည်သုံးသပ်ရန် လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ တင်ပြ
Published 26 November 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းလှည့်လည် သုံးစွဲရန် မဟုတ်သည့် အထိမ်းအမှတ် ဒင်္ဂါးပြားများ ထုတ်လုပ်ခြင်းကြောင့် ဖြည့်စွက် ရန်ပုံငွေ တိုးမြှင့်တောင်းခံခဲ့ပြီး ထိုကဲ့သို့ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေကိုသုံးစွဲခြင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက တင်ပြသည်။ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက နေပြည်တော်တွင် နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ၂၀၁၅ -၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို တင်ပြရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း တင်ပြခဲ့ခြင်း ဖြစ်သည်။ကော်မတီ၏ အစီရင်ခံစာတွင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မူလခွင့်ပြုငွေကျပ် သန်း ၂၈၄၁၅ ဒသမ ၅၃၅ တွင် ဖြည့်စွက် ခွင့်ပြုငွေ ၅၉၀၅၃ ဒသမ ၃၉၀ ကျပ်သန်း တောင်းခံခဲ့သဖြင့် ၂၀ ဒသမ ၇၆ ရာခိုင်နှုန်း တောင်းခံခဲ့သည်ကို တွေ့ရှိရကြောင်း၊ တိုးမြှင့် တောင်းခံရခြင်းမှာ လုပ်ငန်း ကုန်ကျစရိတ် ကျပ်သန်း ၃၆၈၀၂ ဒသမ ၃၀၀ တိုးမြင့်လာခြင်းနှင့် အတိုးပေး ငွေကျပ်သန်း ၁၆၀၀၀ ဒသ မ ၀၀၀၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ်သန်း ၆၁၉၂ ဒသမ ၀၉၀ တို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။လုပ်ငန်း ကုန်ကျစရိတ် ကျပ်သန်း ၃၆၈၀၂ ဒသမ ၃၀၀ တိုးမြှင့် တောင်းခံရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ဆိုဒ်ကြီး ငွေစက္ကူများအား အပြီးသတ် ဖျက်ဆီး၍ အစားထိုး ပုံနှိပ်ရခြင်း၊ ငါးထောင်ကျပ်တန်နှင့် တစ်သောင်း ကျပ်တန်များကို လုံခြုံမှု အဆင့်မြှင့်တင် ပုံနှိပ်ရခြင်းနှင့် အမှတ်တရ ဒင်္ဂါးပြားများ ထုတ်လုပ်ရန်အတွက် ငွေစင်တုံးများ ဝယ်ယူရခြင်းတို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက တင်ပြထားသည်။“ဗဟိုဘဏ်က ဒင်္ဂါးထုတ်တဲ့ ကိစ္စပါ။ဗဟိုဘဏ်က ဒင်္ဂါးထုတ်ခွင့် ရှိသော်လည်းပဲ ဗဟိုဘဏ် ဥပဒေအရ ဆိုလို့ရှိရင်တော့ တရားဝင်ထွက်တဲ့ ငွေတွေကိုပဲ ခွင့်ပြုလေ့ရှိတယ်ဆိုတဲ့ သဘောမျိုး ဥပဒေမှာ ရေးထားတာကို တွေ့ရပါတယ်။ အထိမ်းအမှတ် ဒင်္ဂါးပြားတွေကို ထုတ်တယ်ဆိုတဲ့ ဥစ္စာဟာ ဥပဒေနဲ့ ညီညွတ်ရဲ့လား။ တရားဝင် သုံးလို့ရတဲ့ ငွေကိုပဲ ထုတ်ခွင့် ရှိသလား။ အထိမ်းအမှတ် ငွေကိုလည်း ဗဟိုဘဏ်က ထုတ်လို့ရသလား ဆိုတာကို ကျွန်တော်တို့ သုံးသပ်ရမယ့် အချက်တွေ ဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ကော်မတီရဲ့ သဘောထား ဖြစ်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီမှ အတွင်းရေးမှူး ဦးမောင်တိုးက လွှတ်တော်၌ ပြောကြားသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည်  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၆၂တွင် ဖော်ပြထားသော “ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့် ဒင်္ဂါးများ ထုတ်ပိုင်ခွင့် ရှိသည်။.....” ဟူသော ဥပဒေနှင့်အညီ ပြည်ထောင်စု အစိုးရ အဖွဲ့၏ ညွှန်ကြားချက်အရ ပြည်တွင်း လှည့်လည် သုံးစွဲရန် မဟုတ်သော ပြည်ထောင်စု အစိုးရအဖွဲ့ ပထမ သက်တမ်း အထိမ်းအမှတ်အဖြစ် ငါးထောင်ကျပ်တန် ငွေဒင်္ဂါး အရေအတွက် တစ်သောင်းအား သွန်းလုပ်ခဲ့ခြင်းကြောင့် ဖြည့်စွက် ရန်ပုံငွေ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ၌ ဆက်လက် ဖော်ပြထားသည်။ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ တွေ့ရှိသုံးသပ်ချက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်း လှည့်လည် သုံးစွဲရန် မဟုတ်သော အထိမ်းအမှတ် ဒင်္ဂါးပြားများ ထုတ်လုပ်ခြင်းကြောင့် ဖြည့်စွက် ရန်ပုံငွေ တိုးမြှင့်တောင်းခံရခြင်း ဖြစ်ကြောင်း သိရပါကြောင်း၊ ထိုကဲ့သို့ ပြည်သူ့ ဘဏ္ဍာ ရန်ပုံငွေကို သုံးစွဲခြင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ပြန်လည် သုံးသပ်ရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၆၂ တွင် “ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့် ဒင်္ဂါးများ ထုတ်ပိုင်ခွင့် ရှိသည်။ ဗဟိုဘဏ်က ထုတ်သော ငွေစက္ကူများနှင့် ဒင်္ဂါးများသည် နိုင်ငံတော် တစ်ဝန်းလုံးတွင် တရားဝင်ငွေအဖြစ် တည်ရှိစေရမည်” ဟု ဖော်ပြထားသဖြင့် တရားဝင်ငွေအဖြစ် တည်ရှိမည့် ဒင်္ဂါးများကိုသာ ထုတ်လုပ်ခွင့် ရှိသည်ဟု မှတ်ယူရမည် ဖြစ်သောကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent