ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးက သားဖြစ်သူကို လက်ထိပ်ခတ်ပြီး ထိုးကြိတ် ရိုက်နှက်သည် ဟုဆိုကာ မိခင်ဖြစ်သူက ရွှေပြည်သာ မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် နံနက် ၂ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ ဇီးကုန်း ပြည်တော်သာပိုင်း ရပ်ကွက်နေ၊ ဒေါ်......(၄၃) နှစ်သည် နေအိမ်တွင် ရှိနေစဉ် သားဖြစ်သူကို.....(၁၇) နှစ်မှာ ပွဲဈေးတွင် ရန်ဖြစ်၍ ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိနေကြောင်း သိရသဖြင့် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။ယင်းသို့ သွားရောက်ရာ ၎င်းအား ရုံးတွင်းသို့ အဝင်မခံဘဲ တံခါးပိတ်ထားသဖြင့် အပြင်ပြတင်းပေါက်မှန်မှတစ်ဆင့် ချောင်းမြောင်းကြည့်ရှုရာ သားဖြစ်သူအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦး......ဆိုသူက ပါးရိုက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းသို့ရိုက်သည်ကို ကို.......မှ လက်ဖြင့် ကာကွယ်ရာ သက်ဦးဆိုသူက ဝင်ရောက်ပြီး လက်သီးဖြင့် ထိုးခြင်း၊ ပါးအား ထပ်မံရိုက်နှက်ခြင်း၊ လက်ထိတ်ခတ်၍ နောက်ကျောအား စတီးပိုက်လုံးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ယင်းနောက်တွင် ကို...... ၏ သူငယ်ချင်း ခုနစ်ဦးခန့်မှာ အုပ်ချုပ်ရေးမှူးရုံး အတွင်းသို့ ထပ်မံ ရောက်ရှိလာပြီး ၎င်းတို့ကို ဦးမြင့်ဌေးဆိုသူနှင့် ကုလားဆိုသူတို့က “ဇောင်းထမ နေနဲ့၊ မင်းစောက်ချိုး ပြင်ထား” ဟုပြောကာ ကုလားက ခဲချွန်ဓားဖြင့် ကို......နှင့် သူငယ်ချင်း ခုနစ်ဦး၏ ဆံပင်များကို လှီးဖြတ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း မိခင်ဖြစ်သူ၏ ရဲစခန်း တိုင်တန်းချက်အရ သိရသည်။ထိုသို့ ထိုးကြိတ်၊ ရိုက်နှက် ခံရမှုကြောင့် သားဖြစ်သူကို...... မှာ ဝဲမျက်လုံး ဖူးရောင်ညိုမည်း၊ ကျောကုန်း ဖူးရောင် နာကျင်ဒဏ်ရာတို့ ရရှိကာ ရွှေပြည်သာ ဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရပြီး ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။“နာကျင်စေမှု၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အသုံးအဆောင် ပစ္စည်းကို ခွင့်ပြုချက် မရှိဘဲ ကိုင်ဆောင်မှုတွေနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးကို လက်ရှိမှာတော့ အမှုဖွင့်ထားပါတယ်။ သူတို့ကို ခေါ်ယူစစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။ ပွဲဈေးမှာကတော့ လူငယ် သဘာဝအရ မူးပြီးတော့ စရင်းနောက်ရင်း ပြောင်ရင်းနဲ့ ရန်ဖြစ်ကြတာပေါ့။ အဲဒါကို အုပ်ချုပ်ရေးမှူးက ဝင်ရောက် ဖြေရှင်းရာကနေပြီးတော့ ဖြေရှင်းနည်း မှားသွားတာပေါ့။ အထူးသဖြင့် အဲဒီလို အုပ်ချုပ်ရေးမှူးတွေ ဥပဒေကို နားလည်ပြီးနေတဲ့သူတွေ အနေနဲ့ ထိန်းသိမ်း ဖြေရှင်းရတဲ့ ကိစ္စတွေမှာ ပိုပြီးတော့ သတိပြု ဆင်ခြင်သင့်ပါတယ်” ဟု ရွှေပြည်သာ မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး ခင်မောင်လတ်က ပြောကြားသည်။အဆိုပါ ဖြစ်စဉ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးအား ရွှေပြည်သာ မြို့မရဲစခန်းက (ပ) ၆၉၂/၁၅ ပြစ်မှုပုဒ်မ ၃၂၅/၁၇၁/၁၁၄ ဖြင့် နိုဝင်ဘာ ၂၅ ရက်တွင် အမှုဖွင့်ကာ အရေးယူရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သားဖြစ်သူကို လက်ထိတ်ခတ်ပြီး ထိုးကြိတ် ရိုက်နှက်သည် ဟုဆိုကာ မိခင်ဖြစ်သူက ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးအား ရွှေပြည်သာ ရဲစခန်းတွင် အမှုဖွင့်