တစ်စတုရန်းပေလျှင် အနိမ့်ဆုံး ၁၂၅ ဒေါ်လာဖြင့် ရောင်းချမည့် The Leaf ကွန်ဒိုအား လာမည့် ဒီဇင်ဘာတွင် စတင်တည်ဆောက်မည်

တစ်စတုရန်းပေလျှင် အနိမ့်ဆုံး ၁၂၅ ဒေါ်လာဖြင့် ရောင်းချမည့် The Leaf ကွန်ဒိုအား လာမည့် ဒီဇင်ဘာတွင် စတင်တည်ဆောက်မည်
Published 26 November 2015
နီလာ

ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် အတွင်းရှိ မြေဧက ၂ ဒသမ ၇ ဧကပေါ်တွင် The Leaf အမည်ရှိ ကွန်ဒိုကို လာမည့် ဒီဇင်ဘာတွင် စတင် တည်ဆောက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်က Novotel ဟိုတယ်တွင် ကျင်းပသည့်The Leaf Residence ကွန်ဒိုမီနီယမ် မိတ်ဆက် ရောင်းချပွဲ အခမ်းအနားမှ သိရသည်။“The Leaf ကို Global Green Development Co.,Ltd ကနေ တာဝန်ယူ တည်ဆောက်မှာ ဖြစ်ပါတယ်။ ကွန်ဒိုတွေကို တစ်စတုရန်းပေကို ကျွန်တော်တို့ ၁၂၅ ဒေါ်လာ၊ ၁၃၀၊ ၁၃၅ နဲ့ စသဖြင့် အဲဒါနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးက ၁၂၅ ဒေါ်လာဖြစ်ပြီး အမြင့်ဆုံးကတော့ ၁၄၀ လောက်ရှိပြီး အခန်းအရွယ်အစားအပေါ် မူတည်ပြီးတော့ ဈေးနှုန်းတွေ ကွာခြားချက် ရှိနိုင်ပါတယ်” ဟု Global Green Property Co.,Ltd မှ CEO ဦးဇော်မြင့်ထူးက ပြောကြားသည်။“အကြမ်းဖျင်းအားဖြင့် Square Feet ၅၀၀ ကျော်တဲ့ အခန်းဆိုရင် သိန်း ၁၀၀၀ လောက်ကျမယ်။Square Feet ၁၁၀၀ လောက်ရှိတဲ့ဟာဆိုရင် သိန်း ၁၈၀၀၊ ၁၉၀၀ လောက်ကျမယ်။ ပြီးရင် သိန်း ၂၈၀၀၊ ၂၉၀၀ ကျတဲ့ အခန်းအမျိုးအစားတွေလည်း ပါပါတယ်။ အဆင်ပြေအောင် သုံးနှစ် ငွေချေစနစ်၊ ငါးနှစ် ငွေချေစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။The Leaf ကွန်ဒိုကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ဆောက်ရန် စီစဉ်ထားပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။မြေဧက ၂ ဒသမ ၇ ဧကပေါ်၌ နှစ် ၆၀ ဂရန်မြေပေါ်တွင် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီက တရားဝင် ဝယ်ယူထားပြီး အခွန်ဆောင်ကာ အမည်ပြောင်းလဲ ဝယ်ယူထားခြင်း ဖြစ်သဖြင့် BOT စနစ်ဖြင့် ဆောက်လုပ်သည့် ကွန်ဒိုများကဲ့သို့ မြေအရှုပ်အရှင်း မရှိကြောင်း၊ ဝယ်ယူမည့် သူများအနေဖြင့် နှစ် ၆၀ ဂရန် သက်တမ်းပြည့်ပါက သက်တမ်းတိုးရမည် ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့က ရောင်းပြီးသွားတဲ့ အခါကျတော့ မြေကိုရော အခန်းပိုင်ရှင်တွေကိုရော အချိုးကျ ကွန်ဒိုပေါ်လာရင် ပေးလိုက်မှာပါ။ အဲဒီအခါကျတော့ မြေရှင်တွေ စုပြီးတော့ လုပ်လိုက်ရုံပါပဲ” ဟု ဦးဇော်မြင့်ထူးက ပြောကြားသည်။                                    

Most Read

Most Recent