NCA စာချုပ်တွင် မြေမြှုပ်မိုင်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရှင်းလင်းသော လမ်းညွှန်ချက်မရှိကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြ

NCA စာချုပ်တွင် မြေမြှုပ်မိုင်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရှင်းလင်းသော လမ်းညွှန်ချက်မရှိကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြ
Published 25 November 2015
ငြိမ်းကို

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် မြေမြှုပ်မိုင်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရှင်းလင်းသော လမ်းညွှန်ချက်မရှိကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ LCM  မြန်မာနိုင်ငံက နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် ၂၀၁၅ ခုနှစ်အတွက် အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။
 
မမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင် ၎င်းတို့အဖွဲ့လက်ခံရရှိခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းတွင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသော အဖွဲ့အစည်းများသည် “မိုင်းထောင်ခြင်းကို အဆုံးသတ်ရမည်နှင့် မြေမြှုပ်မိုင်း ရှင်းလင်းခြင်းလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်မည်”ဟု ဖော်ပြထားကြောင်း၊ လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့သည် ယခင်က မိုင်းစစ်ပွဲတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း၊  စာချုပ်ပါ မိုင်းနှင့် ပတ်သက်သောလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရှင်းလင်းသော လမ်းညွှန်ချက်များ မရှိသေးကြောင်းနှင့် လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များစွာ ကျန်နေသေးကြောင်း ဖော်ပြခဲ့သည်။
 
မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ Research Coordinator ဖြစ်သူ Mr.Yeshua  က NCA စာချုပ်တွင် မြေမြှုပ်မိုင်း အသုံးပြုခြင်းမှ ရပ်တန့်သွားမည်နှင့် အပစ်ရပ် လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဒေသများမှ မိုင်းများကို ရှာဖွေဖျက်ဆီးသွားမည့် အချက်နှစ်ချက်ကို ဖော်ပြထားသော်လည်း ယင်းအချက်များနှင့် ပတ်သက်၍ အချိန်ဇယားနှင့် စံညွှန်းစံနှုန်းမရှိကြောင်း ပြောကြားသည်။
 
“လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ပြီးခဲ့တဲ့လက လက်မှတ်ရေးထိုးခဲ့တာ အားလုံးသိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာကို လက်ခုပ်တီးပြီး ရင်ထဲကနေ ကြိုဆိုပါတယ်။ ဒီ ငြိမ်းချမ်းရေးစာချုပ်ထဲမှာလည်း မြေမြှုပ်မိုင်းဆိုတဲ့ ကဏ္ဍစကားလုံးကို သုံးထားတာ ကျွန်တော်တို့ သတိထားမိပါတယ်။ စာချုပ်ထဲမှာ ဘယ်လိုရေးထားလဲဆိုတော့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေဟာ မြေမြှုပ်မိုင်းကို ဆက်လက်အသုံးပြုခြင်းကနေ ရပ်တန့်သွားမယ်လို့ ရေးထားပါတယ်။ ပထမအချက်က မိုင်းဆက် မချတော့ဘူး။ ဒုတိယအချက်က အဲဒီဒေသမှာရှိတဲ့ မိုင်းတွေအကုန်လုံးကို ရှာဖွေပြီး ဖျက်ဆီးသွားမယ်လို့  ဖော်ပြထားပါတယ်။ ဒီအချက်တွေဟာ အပြုသဘောတွေ ဖြစ်တယ်။ ကောင်းမွန်တဲ့ အချက်နှစ်ချက် ဖြစ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးစာချုပ်တစ်ခုမှာ ပါဝင်ရမယ့် ကဏ္ဍအပြည့်အစုံ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဧရိယာတွေကို သတ်မှတ်ထားနိုင်တာ တစ်နိုင်ငံလုံး မဟုတ်သေးပါဘူး။ ဒါ့အပြင် ခုနက အချက်နှစ်ချက်ကိုလည်း ဘယ်တော့စမယ်ဆိုတာလည်း ရေးထားတာ မရှိသေးပါဘူး။ အခုလား နောက်နှစ်လား ဘယ်တော့လဲလို့ အချိန်ဇယားလည်း မရှိပါဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးအဖွဲ့ပဲဖြစ် ဖြစ် တပ်မတော်ပဲဖြစ်ဖြစ် အပြည်ပြည်ဆိုင်ရာ စံညွှန်းစံနှုန်းတွေနဲ့အညီ လုပ်ပါမယ်လို့လည်း ဖော်ပြထားတာ မရှိပါဘူး။ အဲဒါတွေကို က ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီတော့ ဥပမာဆိုပါတော့ ငြိမ်းချမ်းရေးအဖွဲ့ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အစည်းက သူတို့သိတဲ့ အသိပညာ၊ အတတ်ပညာနဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်းမဟုတ်ပေမယ့်လည်း သူတို့သိတဲ့ဟာနဲ့ ရှင်းပြီးပြီ။ တို့ဘက်ကတော့ ပြီးသွားပြီ။ ကျန်တာတော့ တို့မသိဘူးဆိုပြီး ပြောနိုင်တဲ့အနေအထားကို ရောက်နေတယ်”ဟု Mr.Yeshua က ပြောကြားသည်။ 
 
ထို့ပြင် Mr.Yeshua က အပစ်အခတ်ရပ်စဲရေးစာချုပ်သည် မြေမြှုပ်မိုင်းကို တားဆီးသည့် စာချုပ်မဟုတ်ကြောင်း၊ မိုင်းဆက် မထုတ်ရန် တားဆီးသည့်အချက် မပါဝင်ကြောင်း ပြောကြားသည်။
 
“လူကြီးမင်းတို့ သိထားဖို့က ဒီစာချုပ်ဟာ လူသတ်မိုင်းကို တားဆီးတဲ့ စာချုပ်မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငြိမ်းချမ်းရေးစာချုပ်က မိုင်းဆက်မထုတ်တော့ပါဘူးလို့ ချုပ်ထားတာမရှိဘူး။ ဆက်ထုတ်နိုင်တယ်။ မိုင်းအသုံးပြုခြင်းက ရပ်တန့်တာပဲ ရှိတယ်။ မိုင်းကို မထုတ်လုပ်ဘူးလို့ ရေးထားတာကို မဖော်ပြရင် တားဆီးပိတ်ပင်ထားတာ မဟုတ်ဘူးဆိုတာကိုတော့ ထောက်ပြလိုတယ်”ဟု ၎င်းက ပြောကြားသည်။ 
 
ဆက်လက်ပြီး မြေမြှုပ်မိုင်းစောင့်ကြည့် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အလှူရှင် ခြောက်နိုင်ငံက ဒေါ်လာ ၅ ဒသမ ၇ သန်း လှူဒါန်းခဲ့ကြောင်း၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံတို့က အဆိုပါလှူဒါန်းငွေ၏ ၉၁ ရာခိုင်နှုန်းကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ 
ထို့ပြင် နိုင်ငံတကာအကူအညီများအားလုံး၏ အများစု ၉၄ ရာခိုင်နှုန်းကို ICRC နှင့် အခြား NGO များမှတစ်ဆင့် အန္တရာယ်လျှော့ချရေး ပညာပေးလုပ်ငန်း သို့မဟုတ် မိုင်းဒဏ်သင့်သူ အကူအညီပေးရေးအတွက် အသုံးပြုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။                          
 

Most Read

Most Recent