ဈေးကွက်အတွင်း ကြက်သွန်အသစ် ဝင်ရောက်မှုများ ရှိလာသော်လည်း ပွဲစားများ ဈေးကစားမှုကြောင့် ကြက်သွန်ဈေးနှုန်း တစ်ပတ်အတွင်း ကျပ်တစ်ထောင်ကျော်မြင့် တက်သွားကြောင်း ဘုရင့်နောင်ပွဲရုံရှိ ကြက် သွန်ပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။“ကြက်သွန်ဈေးတွေ တစ်ပတ်အတွင်း တစ်ထောင်ကျော်လောက် မြင့်သွားတယ်ဆိုတာက ဈေးကွက်မှာ ကြက်သွန်ပွဲစားတွေက ဈေးကစားလို့ ဖြစ်သွားတာပါ။ အခုဆိုရင် မန္တလေးနဲ့ပြည်ဘက်က ကြက်သွန်အသစ်တွေလည်း ဝင်လာနေပါပြီ။ အဝင်က နည်းတော့နည်းနေသေးတယ်။ အဝင်နည်းပေမယ့်လည်း ပုံမှန်ထက်စာရင် ကြက်သွန်ဈေးက အရမ်းကိုမြင့်နေတာပါ။ ပြည်တွင်း ဝယ်လိုအားကလည်း ကောင်းနေတော့ တရုတ်နိုင်ငံက ကြက်သွန်တန် ၈၀၀ ကို တရားဝင် တင်သွင်းခွင့်လည်း ပြုထားပါတယ်”ဟု ကြက်သွန်နီ/ဖြူ နှင့် စားဖိုဆောင် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။ကြက်သွန်ဈေးကွက်၌ ကြက်သွန်နီ ဈေးနှုန်းများမှာ နိုဝင်ဘာ ၁၈ ရက်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမျိုးအစားအလိုက် အနည်းဆုံး ကျပ် ၂၆၀၀မှ အမြင့်ဆုံး ၃၆၀၀ အထိရှိရာ ယခုတစ်ပတ်အတွင်း၌ ကြက်သွန်နီ တစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၃၆၀၀ မှ အမြင့်ဆုံးကျပ် ၅၀၀၀ အထိ မြင့်တက်မှု ရှိနေပြီး တစ်ပတ်အတွင်း ကျပ် ၁၀၀၀ ကျော်မြင့်တက်သွားကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌ ကြက်သွန်ဝယ်လိုအား မြင့်တက်နေပြီး နယ်ဘက်ဒေသမှ ကြက်သွန်အဝင်နည်းပါးမှုကြောင့် တရုတ်နိုင်ငံမှ ကြက်သွန်နီတန် ၈၀၀ တရားဝင်တင်သွင်းရန် ခွင့်ပြုထားကြောင်း ဦးခင်ဟန်က ဆက်လက် ပြောကြားသည်။“အခု ကြက်သွန်နီဈေးက အရမ်းကို ကောင်းနေတာပါ။ ကြက်သွန်နီ အသစ်ဝင်တဲ့ရာသီ ရောက်နေပေမယ့်လည်း လက်ကားဈေးတောင် တစ်ပိဿာကို အနည်းဆုံး ၃၀၀၀ နီးပါးလောက်ရှိတယ်။ အရင်က တရုတ်ကို မြန်မာနိုင်ငံကပဲ ကြက်သွန်တင်သွင်းတာပါ။ အခုက ပြည်တွင်းဝယ်လိုအား ကောင်းနေတော့ တရုတ်က ကြက်သွန်ပြန်သွင်း နေရတယ်။ အခုလေး၊ ငါးရက်လောက်မှာပဲ ကြက်သွန်နီက ကျပ်တစ်ထောင်ကျော်လောက် ထပ်တက်သွားတယ်”ဟု ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ပွဲစားတစ်ဦးက ပြောကြားသည်။လက်ရှိတွင် ရန်ကုန်ဈေးကွက်သို့ မန္တလေးနှင့် ပြည်ဘက်မှ ကြက်သွန်နီအသစ် များဝင်ရောက်မှုများ ရှိသော်လည်း ကြက်သွန်နီအသစ် အဝင်နည်းနေသေးကြောင်း သိရသည်။
ပွဲစားများ ဈေးကစားမှုကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီဈေး ကျပ်တစ်ထောင်ကျော်အထိ မြင့်တက်မှုရှိခဲ့ပြီး တရုတ်ဘက်မှ ကြက်သွန်နီများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာ










