၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ခြောက်လတာ ကာလအတွင်း မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံများ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၉၂ သန်းကျော် ရရှိထားကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနှင့် အမေရိကန်နိုင်ငံများ၏ ကုန်သွယ်မှုပမာဏကို လေ့လာကြည့်ပါက မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄ သန်းကျော် ရရှိခဲ့ကာ အမေရိကန်နိုင်ငံမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၈ သန်းကျော်ဖိုး တင်သွင်းခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၂ သန်းကျော်ရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် အမေရိကန်ကုန်သွယ်မှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၅၀ အထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က မြန်မာနဲ့ အမေရိကန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာသန်း ၅၅၀ ရခဲ့တာ မနှစ်ကထက်ပိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ပါတယ်။ အဲဒီသန်း ၅၅၀ မှာ အမေရိကန်ဘက်က ကုန်ပစ္စည်း တင်သွင်းမှုက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးအထိ ရှိခဲ့ပြီးတော့ ကျွန်တော်တို့ဘက်က အမေရိကန်ကို တင်ပို့နိုင်ခဲ့တာက ဒေါ်လာသန်း၅၀ဖိုးပဲ ရှိခဲ့ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ယင်းကဲ့သို့ အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိကုန်ပစ္စည်းများ တင်သွင်းခဲ့မှုအနက် အဓိကအနေဖြင့် လူသုံးကုန်ပစ္စည်းများဖြစ်ကာ တန်ဖိုးအမေရိကန်ဒေါ်လာ ၄၂၈သန်းအထိ တင် သွင်းခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအား ဒေါ်လာသန်း ၅၀ အထိ လည်းကောင်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများအား တန်ဖိုးဒေါ်လာ ၂၁ သန်းဖိုးအထိ တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် လယ်ယာထွက်ကုန် အပါအဝင် ပို့ကုန်အုပ်စုခုနစ်မျိုးကို တင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အုပ်စုများကို အဓိက တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း မြန်မာနှင့် အမေရိကန်နိုင်ငံများ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၂ သန်းကျော်ရရှိထားပြီး အမေရိကန်မှ သွင်းကုန်တင်သွင်းမှု ပိုများနေ










