ဒီဇင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ဒီဇင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 25 November 2015
ဇေယျာနန္ဒ

အမေရိကန်အခြေစိုက်  Washington Post သတင်းစာနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
 
“မကြာခင်မှာ တွေ့ဖို့ရှိပါလိမ့်မယ်။ လာမယ့် ဒီဇင်ဘာလောက် ဖြစ်နိုင်ပါတယ်။ ဒီဇင်ဘာလထဲမှာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်မှန်းတာကတော့ ကျွန်တော် ဒီ Election ကော်မရှင်က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ပြီးတယ်ဆိုရင်တော့ တွေ့မှာပါ”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
 
အစိုးရသစ်လက်ထက်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ အခန်းကဏ္ဍကို မေးမြန်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တယ်ဆိုတာကတော့ နံပါတ်တစ်အချက် လွှတ်တော်မှာ အရင်စပြီးတော့ ဆွေးနွေးမှာပေါ့။ လွှတ်တော်ကနေ လက်ခံတယ်ဆိုရင် သူ့ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁၂)မှာ သူ့ရဲ့ပြင်ဆင်ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီဥပဒေကပဲ သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ တိုက်ရိုက် ဆုံးဖြတ်ပေးလို့ မရပါဘူး။ နိုင်ငံကျတော့ နိုင်ငံရဲ့တည်ရှိမှု အနေအထားနဲ့ သမိုင်းကြောင်းအနေအထားပေါ် သေသေချာချာ ချိန်ဆပြီးတော့မှ ကျွန်တော်တို့က လုပ်ရပါတယ်။ ဒီပုဒ်မ “၅၉ (စ)”ကို ပြင်နိုင်ဖို့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ရင် ဒီဟာကလည်း တစ်နိုင်ငံလုံးရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ နောက်တစ်ခုကလည်း ဥပဒေဆိုတာ လူတစ်ယောက်တည်းပေါ် မူတည်ပြီး ရေးခြင်းမဟုတ်ဘူး။ ကျွန်တော်တို့ လူအားလုံးအတွက် စဉ်းစားပြီးတော့ ရေးတဲ့ဥပဒေဖြစ်တယ်။ ခင်ဗျားတို့ နိုင်ငံမှာလည်း လူတစ်ယောက်ပေါ် မူတည်ပြီး ရေးတဲ့ဥပဒေမရှိဘူးဆိုတာ ကျွန်တော်တို့ ထင်ပါတယ်။ ကျွန်တော်တို့လည်း ဥပဒေပြဋ္ဌာန်းတဲ့အခါမှာ လူတစ်ယောက်အပေါ် မူတည်ပြီးတော့ ရေးတဲ့ဥပဒေဆိုတာ မရှိပါဘူး။ အားလုံးကို ခြုံပြီးတော့မှပဲ၊ တစ်နိုင်ငံလုံးရဲ့ အခြေအနေပေါ်မူတည်ပြီးတော့မှပဲ ကျွန်တော်တို့ ရေးပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးဆိုတာကတော့ သူ့ Procedure အတိုင်းပဲသွားတာ ပိုကောင်းပါလိမ့်မယ်”ဟု ဖြေကြားခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် “သူ့ကိုတော့ သမ္မတ မဖြစ်စေချင်ဘူး ပြောတာမဟုတ်ပါဘူး။ ဥပဒေအတိုင်းသွားတာ ပိုကောင်းပါလိမ့်မယ်လို့ ကျွန်တော် ပြောလိုတယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
 
အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုအပ်ချက်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကို လျှော့ချရန် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုကို မေးမြန်းရာတွင်လည်း “နံပါတ်တစ်အချက်ကတော့ ပြည်သူလူထုတွေ မဲပေးတာနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုလည်း သူတို့လည်း ယုံကြည်ချက်ကြောင့် သူတို့ပေးတာပေါ့။ ဒီယုံကြည်တဲ့အတိုင်းပဲ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေက လုပ်နိုင်လိမ့်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တကယ်တမ်းပြောရရင်တော့ ဥပဒေပြုရေးကို အဓိကထားမယ့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ 
သူတို့လည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ဒီအပေါ်မှာ ကောင်းမွန်တဲ့ ရှုထောင့်ဘက်ကနေ သွားမယ်ဆိုရင် တပ်မတော်အနေနဲ့ကလည်း ဘာမှ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပူးပေါင်းမဆောင်ရွက်နိုင်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့က တပ်မတော်အနေနဲ့ ရပ်တည်တာကတော့ အမျိုးသားရေးအပေါ်မှာ ရပ်တည်တယ်။ ကျွန်တော်တို့က နိုင်ငံရေးကိုလုပ်တာ မဟုတ်ပါဘူး။ အမျိုးသားရေးကို လုပ်တာ။ နိုင်ငံအတွက် အကျိုးရှိမယ်၊ တိုင်းပြည်အတွက် ခိုင်ခိုင်မာမာဖြစ်တဲ့ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းအပေါ်မှာ ခိုင်ခိုင်မာမာဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့တော့ ကျွန်တော်တို့ဘက်က ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
 
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီတွင် ၁၁ နေရာအနက် ၆ နေရာယူထားပြီး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကိုလည်း တပ်မတော်သား ကိုယ်စားလှယ်များက နေရာယူထားသည်။ အလားတူ အစိုးရအဖွဲ့အတွင်း ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာ သုံးခုကိုလည်း တပ်မတော်သားများက ရယူထားခြင်းကြောင့် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးကြီးသည့်နေရာမှ ပါဝင်နေကြောင်း နိုင်ငံတကာမှ သုံးသပ်မှုများ ရှိနေသည်။
 
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိတွင် တပ်မတော်၏ သြဇာအာဏာ ကြီးမားသည်ဟု ပြော၍မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်၏ လုပ်ငန်းတာဝန်များ သီးခြားသတ်မှတ်ပြဋ္ဌာန်းထားကြောင်းနှင့် နိုင်ငံအကြီးအကဲသည် သမ္မတဖြစ်ကြောင်း ပြောကြားသည်။
 
ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု အပြည့်အဝရရှိပါက တပ်မတော်အနေဖြင့် အရပ်သားအုပ်ချုပ်မှုအာဏာ ပိုမိုပေးအပ်မည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းစေရန် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရန်၊ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် ဖော်ဆောင်နိုင်ရန်နှင့် တိုင်းရင်းသားများအချင်းချင်းနှင့် အစိုးရကြား အထင်လွဲမှားမှုများ ပပျောက်စေရန် လုပ်ဆောင်ရန်လိုအပ်နေသေးကြောင်း ဖြည့်စွက်ပြောကြားသည်။
 
ထို့ပြင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မေးမြန်းရာတွင် ၎င်းက “ဒါကတော့ လုပ်တဲ့လုပ်ဆောင်ချက်ပေါ်မှာပဲ အများကြီးတည်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့သည် တကယ်တမ်းပြောလို့ရှိရင် နိုင်ငံရဲ့အကျိုးပေါ်မှာလည်း မူတည်ပြီးတော့မှ လုပ်ရပါလိမ့်မယ်။ ကျွန်တော့်ဘာသာ ခြောက်ယောက်ပဲရှိရှိ၊ ခုနစ်ယောက်ပဲရှိရှိ၊ ရှစ်ယောက်ပဲရှိရှိ၊ ခင်ဗျားဘက်မှာ၊ Majority ပဲရှိရှိ ဘာပဲပြောပြော တိုင်းပြည်အတွက် အကျိုးရှိမယ့်ကိစ္စ ရေရှည်အတွက် အကျိုးရှိမယ့်ကိစ္စ ဒါမျိုးဆိုရင်တော့ ဥပဒေနဲ့အညီပဲ ကျွန်တော်တို့ သွားမှာပါ။ ကျွန်တော်တို့က အပေးအယူလုပ်ပြီးတော့မှ လုပ်မယ်ဆိုတာကတော့ နေရာတကာတိုင်း မဖြစ်နိုင်ဘူး။ တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်မယ်ဆိုလို့ရှိရင် ဘာမှမယုံကြည်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ဒါတွေ အားလုံးကတော့ သူ့ရဲ့စည်းနဲ့ကမ်းနဲ့ ညီညီညွတ်ညွတ်နဲ့ ဖြစ်ရင်ပိုကောင်းတာပေါ့။ တစ်ယောက်တည်းရဲ့ ဆန္ဒကိုလိုက်ပြီးတော့မှ လုပ်နေလို့မရဘူး။ ကျွန်တော့်ရဲ့ဆန္ဒကို အတင်းတောင်းဆိုပြီးတော့မှ ဒါကတော့ လုပ်ပါ၊ ပြုပါလို့ သွားပြောလို့မရဘူး။ ရှေ့နောက် ဒီလိုချိန်ဆပြီးတော့မှ လုပ်တာပိုကောင်းလိမ့်မယ်။ ထို့အတူပဲ ခင်ဗျားဘက်ကလည်း ခင်ဗျားလိုချင်တဲ့ဟာကို အတင်းအဓမ္မ ဇွတ်တရွတ်ပြောလို့တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါကတော့ နှစ်ယောက်  တကယ်ကောင်းမယ်ဆိုတဲ့ဟာကို ညှိနှိုင်းပြီး လုပ်လို့ရတယ်။ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီဟာထွက်ပေါက်တစ်ခုတည်း မဟုတ်ပါဘူး။ ထွက်ပေါက်တွေက အများကြီးရှိပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ဟာကတော့ ပူးပေါင်းမလုပ်လို့၊ သူလည်း ကဏ္ဋကောစ လုပ်လို့မရပါဘူး။ ကျွန်တော်လည်း ကဏ္ဋကောစ လုပ်လို့မရပါဘူး။ ဒါအတူတူ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှ ဖြစ်နိုင်မှာပါ”ဟု ပြန်လည်ဖြေကြားသည်။
 
ဆက်လက်၍ အာဏာသိမ်းမှု ပြု၊ မပြုမေးမြန်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု အနိုင်ရရှိခဲ့သည့် NLD ပါတီအား စနစ်တကျ အာဏာလွှဲပြောင်းပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြောကြားပြီးဖြစ်သည့်အတွက် ဥပဒေနှင့် မညီညွတ်သည့်ကိစ္စများ လုပ်ဆောင်မည်မဟုတ်ဟု Washington Post သတင်းစာ သို့ ဖြေကြားခဲ့သည်။   

Most Read

Most Recent