ရှစ်နှစ်အရွယ် နာမကျန်း ကလေးငယ်ကို အဓမ္မပြုကျင့်သူ တပ်မတော်သားအား စစ်ခုံရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ပြီးနောက် ရဲတပ်ဖွဲ့မှ အရပ်ဘက် တရားရုံးတွင် အဓမ္မ ပြုကျင့်မှုဖြင့် ဆက်လက် တရားစွဲဆိုထား

ရှစ်နှစ်အရွယ် နာမကျန်း ကလေးငယ်ကို အဓမ္မပြုကျင့်သူ တပ်မတော်သားအား စစ်ခုံရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ပြီးနောက် ရဲတပ်ဖွဲ့မှ အရပ်ဘက် တရားရုံးတွင် အဓမ္မ ပြုကျင့်မှုဖြင့် ဆက်လက် တရားစွဲဆိုထား
Published 24 November 2015
သားရွှေဦး (ကစ္ဆပ)

စစ်တွေမြို့နယ်တွင်  အသက်ရှစ်နှစ်အရွယ် နာမကျန်း မိန်းကလေးငယ်တစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့သည့်   တပ်မတော်သား တစ်ဦးအား စစ်ခံရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ပြီးနောက် ရဲတပ်ဖွဲ့မှ အရပ်ဘက် တရားရုံးတွင် အဓမ္မပြုကျင့်မှုဖြင့် ဆက်လက် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ခမရ ၃၅၄ တပ်ရင်းမှ တပ်သား နေဝင်းအောင်သည် စက်တင်ဘာ ၂၁ ရက်က  စစ်တွေမြို့ ဓညဝတီ ရပ်ကွက်တွင် နေထိုင်သူ အသက်ရှစ်နှစ်အရွယ် မဌေးဌေးစံအား အဓမ္မပြုကျင့်ခဲ့မှုကြောင့်  စစ်ခုံရုံးမှ  တပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ပြီးနောက် နိုဝင်ဘာ ၁၁ ရက်က စစ်တွေထောင်သို့ ပို့ဆောင်ကာ စစ်တွေခရိုင် တရားရုံးတွင်  ထပ်မံ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
“သူ့ကို စစ်ခုံရုံးက စစ်စည်းကမ်း ဖာက် ဖျက်တဲ့အတွက် ထောင်ချလိုက်တာ ဖြစ်တယ်။ သူ့ကိုကျွန်တော်တို့က နိုဝင်ဘာ ၁၆ ရက်က အရပ်ဘက် တရာရုံးဖြစ်တဲ့ စစ်တွေခရိုင်တရားရုံးမှာ ပုဒ်မ ၃၇၆နဲ့ တရားစွဲဆိုထားပြီဖြစ်ပါ တယ်။ အခု တရားလို သက်သေတွေကို နိုဝင်ဘာ ၁၇ ရက်က ရုံးချိန်း ခေါ်ပြီး စစစ်နေပါပြီ” ဟု စစ်တွေမြို့မ ရဲစခန်းမှ ရဲအုပ်အေးခင်မောင်က ပြောကြားသည်။
အဓမ္မကျင့်ခံရသူ မ---- (၈ နှစ်) သည် နာတာရှည် အာဟာရချို့တဲ့ ရောဂါဖြင့်  ရန်ကုန်မြို့ ရန်ကင်းကလေး ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ကျန်းမာရေး အခြေအနေ ဆိုးရွားမှုကြောင့်  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူခဲ့သော်လည်း အောက်တိုဘာ ၂၁ ရက်က ကွယ်လွန်သွား ခဲ့ကြောင်း သိရသည်။
နာမကျန်းဖြစ်နေသော အသက်ရှစ်နှစ်အရွယ်  မိန်းကလေးအား  အဓမ္မပြုကျင့်ခဲ့သည့် တပ်သား နေဝင်းအောင်အား စက်တင်ဘာ ၂၃ ရက်က စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် (ပ)၂၀၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားစဉ် စက်တင်ဘာ ၂၅ ရက်တွင် သက်ဆိုင်ရာစစ်တပ်မှ တာဝန်ရှိသူများက စစ်ခုံရုံးဖြင့် စစ်ဆေးမည်ဆိုကာ ရဲစခန်းက ၎င်းတပ်သားအား   ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ ၎င်းအား မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ တပ်မတော်ကို ပြည်သူကြားထဲ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုတို့ဖြင့် စစ်ခုံရုံးတွင် စွဲချက်တင် စစ်ဆေးခဲ့ကြောင်း စစ်တွေအခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းများ ညှိနှိုင်းရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent