ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ Balloon စီးပွားရေး

ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ Balloon စီးပွားရေး
Published 23 November 2015
အငယ်ထွေး

ပုဂံဟာ ဒီနေ့ဒီအချိန်မှာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို အထူး ရရှိနေတဲ့ ယခင်ကထက် ပိုပြီးထင်ရှားတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ ယူနစ်စကိုကလည်း  World Heritage Region အဖြစ်သတ်မှတ်ပေးဖို့ ရည်ရွယ်ထားတာမျိုးပါ။ ဒါပေမဲ့လည်း ပုဂံမှာ ဘုရားတွေကို ရွှေချတာ၊ ထီးတင်တာတွေအပြင် အသစ်ပြန်လည် မွမ်းမံ တည်ဆောက်မှုတွေကြောင့် ပေးလို့မရဘူးဆိုတဲ့ အသံမျိုးတွေလည်း ကြားနေရပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ (Bagan Cultural Heritage Region) ကို ဘယ်လို သတ်မှတ်လဲဆိုတာပါ။ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို သတ်မှတ်တဲ့ နေရာမှာတော့ အရှေ့ဘက်မှာ တူရွင်းတောင်၊ အနောက်ဘက်မှာ ဆိုရင်တော့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်က တန့်ကြည်တောင်၊ တောင်ဘက်မှာဆိုရင် လေယဉ်ကွင်း အဆင်း၊ ဧရာဝတီမြစ်ကမ်း နတ်သမီးကမ်းပါးက ကျန်စစ်သားမင်းကြီးရဲ့ ကောင်းမှု ကျောက်ဂူဥမင်အတွင်းမှာ ရှိနေတဲ့  မိုင် ၂၀ ပတ်လည် ဝန်းကျင်လောက်ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာ ပုဂံကို World Heritage နယ်မြေအဖြစ် သတ်မှတ်ပေးဖို့ တင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် လောက်ကပါ။ ဒီလိုတင်ပေမယ့် အပယ်ခံခဲ့ရပါတယ်။ အခုတော့ ယူနက်စကို ကိုယ်တိုင်က ပေးချင်နေတယ် လို့သိရပါတယ်။ ဒါပေမဲ့ ပြဿနာတွေ ရှိနေပါတယ်။ ဘုရားတွေကို ရွှေချတာ၊ ပြုပြင်တာတွေ၊ အရည်အသွေးမမီတဲ့ သူတွေကို ကန်ထရိုက်ပေးပြီး ပြင်လို့ ပျက်စီးတာတွေ အပြင် ပိုပြီးအဓိကျနေတဲ့အကြောင်း တစ်ခုကြောင့်လို့ ပြောရင်မှားမှာ မဟုတ်ပါဘူး။ အဲဒါကတော့ ပုဂံမှာ သတ်မှတ်ထားတဲ့ PZ၊AZ နဲ့ MZ စတဲ့ ဇုန်သုံးဇုန်ထဲမှာ ဘယ်လိုမှ ရွှေ့လို့မရတဲ့ ပြဿနာကြီးပါ။ အဲဒါကတော့ ဗိုလ်ချုပ်မြင့်အောင် လက်ထက်က လုပ်ခဲ့တဲ့ ဂေါက်ကွင်းပါပဲ။ ဒါကြောင့် World Heritage နယ်မြေအဖြစ် သတ်မှတ်လက်ခံပေးဖို့ အခက်အခဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
နောက်တစ်ခုကတော့ Cultural Heritage နဲ့ Tourism နဲ့ Conflict ဖြစ်တဲ့ ပြဿနာပါ။ ဒါက ပုဂံတစ်ခု တည်းတော့ မဟုတ်သလို တစ်နိုင်ငံတည်း ဖြစ်နေတာလဲ မဟုတ်ပါဘူး။ တစ်ဖက်ကလည်း ခရီးသွားတက်မှ တိုင်းပြည်ဝင်ငွေရမယ်၊ ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ လူနေမှု အဆင့်အတန်း တက်လာမယ် ဆိုပေမယ့် တစ်ဖက်မှာတော့ Responsible Tourism ဖြစ်ဖို့ဆိုတာလည်း သတိထားရမယ့်အပိုင်းပါ။ ဒါကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ စောင့်ကြည့်ကြပ်မတ်နေဖို့ လိုသလို၊ ခရီးသွား အေဂျင်စီတွေ အနေနဲ့လည်း သတိထားရမယ့် အပိုင်းပါ။ အပြန်အလှန် ထိမ်းကျောင်းတဲ့ စနစ်နဲ့ သွားမယ်ဆိုရင် သွားလို့ရပါတယ်။ အားလုံး တာဝန်သိစိတ်နဲ့ ဖြေရှင်းရင် မရနိုင်စရာမရှိပါဘူး။
ပုဂံဒေသမှာ ကမ္ဘာ့လှည့် ခရီးသွားတွေ များပြားလာတာနဲ့ အမျှ   Bagan နဲ့ Balloon ၊ Balloon နဲ့ Bagan ဆိုပြီး ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားလာတဲ့ အနေအထား တစ်ရပ်ကိုလည်း တွေ့လာရပါတယ်။ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ Ballon တစ်ခါစီးဖို့ တစ်နှစ်လောက် ကြိုတင် ဘွတ်ကင်လုပ်ရတဲ့အတွက် စိတ်လှုပ်ရှားစရာလည်း ကောင်းလှပါတယ်။ တကယ်တမ်းမှာ Balloning တွေက တကယ့် Premium Package တွေ ဖြစ်တဲ့အတွက် ဈေးလည်းကြီးပါတယ်။
မြန်မာနိုင်ငံရဲ့ ခေတ်ဟောင်းကာလမှာ ကမ္ဘာ့လှည့်ခရီးသွား သုံးသိန်းမပြည့်တဲ့ အခြေအနေကနေ အခုက သုံးသန်း ဖြစ်သွားပြီ။၂၀၁၀ နောက်ပိုင်းမှာ ခရီးသွားက အရမ်းတက်လာခဲ့ပါတယ်။ ဒါကြောင့် Ballon စီးတဲ့ သူတွေလည်း များလာပါတယ်။ ဒီလိုပျံသန်းကြတဲ့အခါမှာတော့ စိတ်လှုပ်ရှားစရာ ကောင်းသလို ဘယ်လို အန္တရယ်မျိုးတွေ ကျရောက်နိုင်လဲဆိုတာလည်း သိချင်ကြမှာပါ။ Ballon ပျံသန်းမှုအပိုင်းမှာ အော်ပရေတာ သုံးဦး ရှိပြီးတော့  Safety တော်တော်ယူထားတာလည်း တွေ့ရပါတယ်။ အဲဒီ Operator သုံးခုကတော့ BOB (Balloon Over Bagan)၊ Oriental Ballooning နဲ့ Golden Eagle Ballooning တို့ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ (Balloon Over Bagan) ကတော့ သက်တမ်းအကြာဆုံးဖြစ်ပြီးတော့၁၉၉၉ ကစပြီး ပျံသန်းခဲ့တာလို့ သိရပါတယ်။ စပျံသန်းတုန်းက လေးလုံးနဲ့ စခဲ့ပေမယ့် အခု ၂၀၁၅ မှာတော့ တစ်ပြိုင်နက်တည်း ၁၂ လုံးအထိ ပျံသန်းလာတာ တွေ့ရပါတယ်။ ပြီးတော့ အော်ပရေတာတွေ အားလုံးက Customer တွေအတွက် အာမခံထားပေးတယ်လို့လည်း သိရပါတယ်။
ဒီနေရာမှာ တစ်ခု သတိထားမိတာကတော့ Balloon ပျံသန်းမှု ပုံစံပါ။ ပျံသန်းတဲ့ နေရာမှာတော့ direction Control မရှိဘဲ လေကြောင်းသာတဲ့ အတိုင်းသွားတာလို့ သိရပါတယ်။ အမြင့်ပေကိုပဲ Control လုပ်နိုင်တဲ့ သဘောပါ။ ဒီလိုပျံသန်းနေတာက မြန်မာနိုင်ငံ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဆိုရင်တော့ အော်ပရေတာပေါင်း ၁၀၀၀ ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။ Balloon Festival ဆိုလျှင် ရာပေါင်းများစွာ တစ်ကြိမ်ထဲမှာ ပျံကြတာမျိုးပါ။ မက္ကစီကို၊ ပြင်သစ်၊ ယူကေ၊ တာကီ၊ တန်ဇန်းနီးယားစတဲ့ နေရာတွေဟာလည်း World Heritage Size တွေမှာ Balloon Operation ရထားတဲ့ နိုင်ငံတွေ ဖြစ်နေတာတွေ့ ရှိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ပြင်သစ်မှာ အလုံး ၄၀၀ ကျော် တစ်နေရာတည်းက ထွက်ခဲ့ပြီးတော့ သမိုင်းစံချိန် တင်သွားပါတယ်လို့ သိရပါတယ်။
ပုဂံမှာဆိုရင်တော့ လောလောဆယ် Operator သုံးခုက စုစုပေါင်း ၂၁ လုံး ပျံသန်းနေကြတာပါ။ ပြည်တွင်းထက် ကမ္ဘာလှည့်ခရီးသည်တွေကပဲ အစီးများကြပါတယ်။ ပျံသန်းမှုအပိုင်းမှာတော့ DCA ကနေ ပြီး ပျံသန်းရမယ့် နယ်ပယ်( Boundary)ကို သတ်မှတ်ပေးထားတာလည်း တွေ့ရပါတယ်။ Boundary ရဲ့ အပြင်ဘက်ကို ရောက်လို့တော့ မရပါဘူး။ ရောက်ရင်တော့ Air Traffice Controller (ATC) ကနေ လှမ်း သတိပေးပြီး ဆင်းခိုင်းတာမျိုးရှိပါတယ်။ လေယဉ်ဝင်လာချိန်မျိုးမှာ ဖြစ်ဖြစ်၊ ရာသီဥတု ပြောင်းသွားရင် ဖြစ်ဖြစ် လှမ်းသတိပေးလေ့ရှိပါတယ်။
“ Balloon Pilot တွေက ATC ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရပါတယ်”လို့  Oriental Ballooning  ရဲ့ Operation Manager မနီနီခိုင်က ပြောပြပါတယ်။ သူတို့သုံးနေတဲ့ ကင်မရွန် ဘလွန်းတွေ အားလုံးကတော့ ယူကေက မှာယူထားတာလို့ သိရပါတယ်။
 Golden Egale  ရဲ့ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုကောင်းဆက်ဇော်ကတော့ “ကမ္ဘာလှည့် ခရီးသည်တွေက ပုဂံသွားမယ်ဆိုရင် Loney Planet ကို ဖတ်ကြပါတယ်။ အဲဒီ Loney Planet ရဲ့ မျက်နှာဖုံးမှာ ပုဂံမှာ Balloon တွေ ပျံသန်းနေတဲ့ ပုံပါပါတယ်။ သူတို့က တော်ရုံတန်ရုံ မထည့်ပေမယ့် ဒီလိုပါလာတာကို ကြည့်ခြင်းအားဖြင့် ပုဂံဟာ အခု အချိန်မှာ တော်တော်လေး အထင်ကရ ဖြစ်လာပြီလို့ ဂုဏ်ယူရမှာပါ။ ဒါကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ ပိုစိတ်ဝင်စားလာတာ တွေ့ရတယ်”လို့ ပြောပြခဲ့တာပါ။ များသောအားဖြင့်တော့ ကမ္ဘာ့လှည့်ခရီးသွားတွေ Balloon စီးတယ်ဆိုတာ ပုဂံရဲ့ နေထွက်ချိန် (Sunrise)ကို ကြည့်ကြတာပါ။ မနက် ၇ နာရီခွဲရင် သူတို့ရဲ့ ပျံသန်းမှုအားလုံး ပြီးဆုံးပါတယ်။တစ်နေ့ကို တစ်ကြိမ်ပဲ ပျံသန်းတာမျိုးပါ။ အကြောင်းကြောင်းကြောင့် ခရီးစဉ် ပျက်သွားရင် ခရီးသွားတွေက တစ်ပတ် ပြန်စောင့်ရပါတယ်။ ဘာကြောင့် လဲဆိုတော့ စီးမယ့်နေ့ကို သူ့ရက်နဲ့ သူသတ်မှတ်ပြီးသား ဖြစ်နေလို့ပါ။ ဒီနေ့ ခရီးစဉ် ပျက်သွားလို့ နောက်နေ့ ပြန်စီးမယ်ဆိုလို့ မရတော့ပါဘူး။ နောက်နေ့မှာ booking တွေ ရှိနေတဲ့အတွက် သူတို့ အစက ပြန်စောင့်ရ ပါတယ်။
Balloon  တစ်လုံးမှာ အနည်းဆုံး ရှစ်ယောက်ကနေ ၁၂ ယောက်နဲ့ အများဆုံး ၁၆ ယောက်အထိ ပျံသန်းနိုင်ပါတယ်။ BOB ဟာ အကြီးဆုံးဖြစ်ပြီး လောလောဆယ်မှာ သူတစ်ဦးတည်း  ၁၄လုံး ပျံသန်းနေပါတယ်။  ဒါကြောင့် ဘလွန်း ၂၁ လုံးရဲ့ တစ်ရက်ဝင်ငွေက အနည်းဆုံး အမေရိကန် ဒေါ်လာ ၇၀၀၀၀ ဝန်းကျင်လောက် ရှိနေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲနဲ့အတူ နောက်ထပ်လည်း ကမ္ဘာ့လှည့် ခရီးသွားတွေ အများကြီး ဝင်လာနိုင်ပါသေးတယ်။ ပုဂံဒေသကလည်း ခရီးသွားတွေကို ပိုပြီးဆွဲဆောင်လာနိုင်မှာပါ။ လာမယ့် ၂၀၁၆ ကိုတော့ ခရီးသွားဦးရေ ငါးသန်းလောက်အထိ မျှော်မှန်းထားမယ် ဆိုတာ သိရပါတယ်။ ဒီအထဲမှာ  Balloon စီးရင်း ပုဂံရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာမယ့် ကမ္ဘာလှည့် ခရီးသွားတွေ အများကြီး လာရောက်ကြဦးမယ်ဆိုရင် မြန်မာနိုင်ငံအတွက် ပြည်ပဝင်ငွေတွေ အများကြီး ရရှိလာနိုင်ပါတယ်။ ထို့အတူပဲ ယူနစ်စကိုကသာ ပုဂံကို World Cultural Region အဖြစ်သတ်မှတ် နိုင်မယ်ဆိုရင်လည်း ပုဂံဒေသ ဒီထက်အများကြီး တိုးတက်နိုင်တယ် ဆိုတဲ့အကြောင်း ဖော်ပြရင်း အခုတစ်ပတ် စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent