မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိက ဆောင်ရွက်နေပြီး ဥရောပ၊ အမေရိက နိုင်ငံများနှင့် ကုန်သွယ်မှု နည်းပါးနေ

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိက ဆောင်ရွက်နေပြီး ဥရောပ၊ အမေရိက နိုင်ငံများနှင့် ကုန်သွယ်မှု နည်းပါးနေ
Published 22 November 2015
မင်းသီဟဇော်

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိက ဆောင်ရွက်နေပြီး ဥရောပနိုင်ငံများ၊ အမေရိက နိုင်ငံများနှင့် ကုန်သွယ်မှုမှာ နည်းပါးနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ဝက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၃၅၀၇ ဒသမ ၄၁၂ သန်း( ၁၃ ဘီလျံကျော်) ရှိသည့်အနက် ၁၂ ဘီလျံကျော်မှာ အာရှနိုင်ငံများနှင့် ကုန်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဥရောပ နိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏမှာမူ ဒေါ်လာ ၃၂၈ ဒသမ ၅၆၉ သန်းသာရှိခဲ့ပြီး  အမေရိကနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ဒေါ်လာ ၉၂ ဒသမ ၇၁၇ သန်းသာ ရှိခဲ့ကြောင်း သိရသည်။ယင်းကာလအတွင်း အာရှနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ပါကစ္စ တန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ရုရှား နိုင်ငံများနှင့် ကုန်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဥရောပနိုင်ငံများဖြစ်သည့် ချက်၊ ဂရိ၊ ဂျာမနီ၊ စပိန်၊ ဆိုက်ပရပ်၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊  ပြင်သစ်၊ ပိုလန်၊ ဖင်လန်၊ ဗြိတိန်၊  ဘယ်လ်ဂျီယမ်၊ ဘူဂေးရီးယား၊ ရိုမေးနီးယား၊ သြစတြီးယား၊ ဟန်ဂေရီ၊ အီတလီ၊ အိုင်ယာ လန်၊ ပေါ်တူဂီတို့နှင့် ကုန်သွယ်မှုမှာ နည်းပါးနေသေးကြောင်း သိရသည်။ထို့အတူ အမေရိကနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ ကျူးဘား၊ ပနားမား၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ အီကွေဒေါ၊ အမေ ရိကန်တို့နှင့် ကုန်သွယ်မှုမှာလည်း နည်းပါးနေကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုတို့မှ ဆောင်ရွက်နေပြီး ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေကြောင်း သိရသည်။လက်ရှိ အချိန်တွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်၊ သွင်းကုန် လျော့ကျနေသော်လည်း နယ်စပ် ကုန်သွယ်မှု ပမာဏတွင်မူ ယခင် ဘဏ္ဍာနှစ် ကာလတူထက် ပိုမိုများပြားနေကြောင်း သိရသည်။ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး ပြည်ပနိုင်ငံများမှ လူသုံးကုန် ပစ္စည်း ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှု ပမာဏ တိုးတက်ရေးအတွက် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေကြောင်း သိရသည်။ဥရောပသမဂ္ဂ နိုင်ငံများမှ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများသို့ ပေးအပ်သည့် GSP အခွင့်အရေးကို မြန်မာနိုင်ငံက ပြန်လည် ရရှိခဲ့သော်လည်း ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုမှာမူ သိသိသာသာ ထိုးတက်လာခြင်း မရှိကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုကလည်း မြန်မာ့ပို့ကုန်များအပေါ် အကောက်ခွန် သက်သာခွင့် အခွင့်အရေးပေးရန် နှစ်ဖက်တာဝန်ရှိသူများက ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ အနေဖြင့် မကြာမီယင်း အခွင့်အရေး ခံစားခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။                               

Most Read

Most Recent