ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီတို့ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် တရားဝင်ဆွေးနွေးမှုကို နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့၌ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဖွဲ့စည်းရမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့မှ ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစုအဖွဲ့တွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့မှ ၁၆ ဦးနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းပြီးဖြစ်သည်။UPDJC သည် နိုင်ငံရေးဆွေးနွေးသည့် နေရာမဟုတ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဦးဆောင်သွားမည့် အဖွဲ့အစည်းသာဖြစ်ကြောင်း၊ UPDJC သည် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချပိုင်ခွင့် မရှိကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “အခုလာမယ့် ၂၄ ရက်မှာ ၄၈ ယောက် အဖွဲ့ဟာ MPC မှာ အစည်းအဝေး လုပ်ပြီးတော့မှ ရှေ့ဆက်လုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲကြီးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကြီးကတစ်ဆင့် အန္တိမရည်မှန်းချက်ဖြစ်တဲ့ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေး၊ ပြန်လည်စည်းလုံးရေး၊ ရင်ကြားစေ့ရေး ဆိုတာကို ကျွန်တော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။အဆိုပါ နိုဝင်ဘာ ၂၄ ရက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ မတိုင်မီ နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့၌ပင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် မူကြမ်းနှင့် ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ယခင်ကလည်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့် ပတ်သက်၍ အလွတ်သဘော ဆွေးနွေးမှု ကိုးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။Myanmar Peace Center မှ ဦးအောင်နိုင်ဦးက “မူဘောင်ရေးဆွဲရေးကို ကျွန်တော်တို့ တစ်နှစ်ခွဲလောက်ရှိပြီ လုပ်လာတာ။ အခုအထိ တရားဝင် မဟုတ်သေးဘဲနဲ့ အလွတ်သဘော ဖြစ်နေပါတယ်။ အခု ကျွန်တော်တို့ ဒီလာမယ့် ၂၄ က စပြီးတော့ ကျွန်တော်တို့ မူဘောင်ရေးဆွဲရေးကို ကျွန်တော်တို့ တရားဝင် လုပ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် လက်ရှိပါဝင်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့ကို အစိုးရသစ် လက်ထက်တွင် ပြန်လည်ဖွဲ့စည်းနိုင်သည်ဟု နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် UPDJC တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ရန်အတွက် ဆွေးနွေးညှိနှိုင်းရေးနှင့် ရွေးချယ်ရေး အစည်းအဝေးတွင် ရှင်းလင်း ပြောကြားမှုများအရ သိရသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့အကြား NCA လက်မှတ် ရေးထိုးမှုကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့ရာ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းကို NCA လက်မှတ် ရေးထိုးအပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း ပြုလုပ်ရမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ရက်ပေါင်း ကိုးဆယ်အတွင်း စတင်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် တရားဝင် ဆွေးနွေးမှု နိုဝင်ဘာ ၂၄ ရက်တွင် စတင်မည်















