၂၀၁၅ ခုနှစ်တွင် ယခင်နှစ်ထက် စပါးဈေးနှုန်းများ ပိုမိုမြင့်တက်နေပြီး ဝယ်လိုအားပေါ် မူတည်ကာ လာမည့်နှစ်များတွင်လည်း စပါးဈေး လက်ရှိနှစ်ထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။“ဒီနှစ် စပါးဈေးက အရင်နှစ်ထက်စာရင် ဈေးပိုကောင်းပါတယ်။ ဧရာဝတီတိုင်းမှာဆိုရင် ငါးသိန်းခွဲနဲ့ ခြောက်သိန်းကြားမှာ ရှိပါတယ်။ စပါးဈေးက ပြည်ပဝယ်လိုအားပေါ် မူတည်ပြီး ဈေးက တက်နေတာပါ။ မြန်မာနိုင်ငံမှာ ထွက်တဲ့ ဧည့်မထ ဆန်ကြမ်းကို တရုတ်က အများဆုံး ဝယ်တာပါ။ ကျန်တဲ့နိုင်ငံတွေကလည်း ဝယ်ပါတယ်။တရုတ်ကို တင်ပို့မှုလောက် မများပါဘူး။ လာမယ့်နှစ်တွေမှာလည်း စပါးဈေးက ဒီထက်ပိုပြီး ကောင်းမယ်လို့ခန့်မှန်းထားပါတယ်။ နောက်ပြီး လက်ကျန်ပေါ်လည်း မူတည်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မော်က ပြောကြားသည်။ပြည်ပသို့ အများဆုံး တင်ပို့နေသော ဧည့်မထ ဆန်ကြမ်း အမျိုးအစားဖြစ်သည့် စပါးတင်း တစ်ရာလျှင် ၂၀၁၅ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၌ ငါးသိန်းခွဲနှင့် ခြောက်သိန်းကြားရှိပြီး ပဲခူးတိုင်း ဒေသကြီး၌ ဧည့်မထ ဆန်ကြမ်း စပါးတင်း တစ်ရာလျှင် ငါးသိန်းတစ်သောင်း ပေါက်ဈေးရှိကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ဧည့်မထ ဆန်ကြမ်း စပါးတင်း တစ်ရာလျှင် လေးသိန်းနှင့် လေးသိန်းခွဲကြားသာ ရှိခဲ့ကြောင်း သိရသည်။ထို့ပြင် လာမည့်နှစ်များတွင်လည်း စပါးဈေးနှုန်းမှာ ပြည်ပဝယ်လိုအားပေါ် မူတည်၍ ပစ္စည်းလက်ကျန်ပေါ် မူတည်ကာ ၂၀၁၅ ခုနှစ်ထက် စပါးဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။“ကျွန်မတို့ ပဲခူးတိုင်းမှာ စပါးဈေးက အရင်ထက်ပိုပြီး ကောင်းပါတယ်။ အရင်နှစ်က လေးသိန်းကျော်ပဲ ရှိတယ်။ ဒီနှစ်က ငါးသိန်းကျော် သွားတယ်။ နောက်နှစ်မှာလည်း စပါးဈေး ကောင်းမယ်လို့ ထင်ပါတယ်။ ပြည်ပက အဝယ်လိုက်လို့ ဆန်ကုန်သည်တွေကလည်း နယ်ဘက်တွေဆင်းပြီး ရသလောက် လိုက်ဝယ်နေတော့ ဈေးက ကောင်းသွားတာပေါ့” ဟု ပဲခူးတိုင်း ဒေသကြီးမှ စပါးစိုက်တောင်သူ ဒေါ်လှသိန်းက ဆိုသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်ကြမ်း အမျိုးအစားဖြစ်သည့် ဧည့်မထဆန်ကို ပြည်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး အာဖရိက၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ စပိန် အပါအဝင် ပြင်သစ်၊ မလေးရှားနှင့် ကနေဒါ စသည့် နိုင်ငံများသို့လည်း တင်ပို့နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ပြည်ပနိုင်ငံများသို့ မြန်မာ့ဆန်များ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တင်ပို့မှုအပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှလည်း တင်ပို့မှုများရှိကြောင်း သိရသည်။
စပါးဈေး ယခင်နှစ်ထက် ပိုမိုမြင့်တက်နေပြီး ဝယ်လိုအားပေါ်မူတည်ကာ လာမည့်နှစ်တွင် ပိုမိုမြင့်တက်ဖွယ်ရှိ










