အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို မြန်မာအသင်း ကစားသမား ၁၀၂ ဦးဖြင့် ယှဉ်ပြိုင်မည်၊ မြန်မာ မသန်စွမ်း အားကစားအဖွဲ့ အနည်းဆုံး ရွှေတံဆိပ် ၂၀ ရရှိရန် မျှော်မှန်းထား

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို မြန်မာအသင်း ကစားသမား ၁၀၂ ဦးဖြင့် ယှဉ်ပြိုင်မည်၊ မြန်မာ မသန်စွမ်း အားကစားအဖွဲ့ အနည်းဆုံး ရွှေတံဆိပ် ၂၀ ရရှိရန် မျှော်မှန်းထား
Published 19 November 2015

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၈) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို မြန်မာမသန်စွမ်း အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားသမား စုစုပေါင်း ၁၀၂ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် အားကစားနည်း ၁၅ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာမသန်စွမ်း အားကစားအဖွဲ့မှာ အားကစားနည်း ၁၁ မျိုး၌ ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ မြားပစ်၊ အလေးမ၊ မျက်မမြင် စစ်တုရင်၊ Goalball၊ ဘိုးလင်း၊  ဘတ်စကက်ဘော၊ ခုနစ်ယောက် ဘောလုံးနှင့် Boccia ပြိုင်ပွဲတို့၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားနည်း လေးမျိုးသာ မယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် အနည်းဆုံး ရွှေတံဆိပ် ၂၀ ရရှိရန် မျှော်မှန်းထားပြီး ပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိသည်။ ပြိုင်ပွဲဝင်မည့် အားကစားနည်းများ အနက်မှ အများစုမှာ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံတွင် ကာလရှည်ကြာစွာ သွားရောက်လေ့ကျင့်ခဲ့ပြီး နိုဝင်ဘာ ဒုတိယပတ်မှ စတင်ကာ ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မသန်စွမ်း အားကစားလေ့ကျင့်ရေး စခန်း၌ လေ့ကျင့်မှု ပြုလုပ်လျက် ရှိသည်။ ယင်းပြိုင်ပွဲတွင် အားကစားနည်း ၁၅ မျိုး ထည့်သွင်းကျင်းပမည် ဖြစ်သော်လည်း ပြိုင်ပွဲအမျိုးအစား ၄၇၆ မျိုးအထိ ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် စုစုပေါင်း ၄၇၆ ခုအထိ ချီးမြှင့်မည်ဖြစ်သည်။ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ဆေးအဆင့် သတ်မှတ်ချက်များအပေါ် မူတည်၍ ပြိုင်ပွဲအမျိုးအစားများ ကွဲပြားသွားခြင်းဖြစ်သည်။မြန်မာမသန်စွမ်း အားကစားအဖွဲ့တွင် အားကစားသမား ၁၀၂ ဦး အပါအဝင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၅၀ ကျော် လိုက်ပါသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး မူလက စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း စင်ကာပူ အိုလံပစ် ကော်မတီ၏ ရွှေ့ဆိုင်းမှုကြောင့် ဒီဇင်ဘာလအထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။