ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ ၂၀၁၄ ခုနှစ် အောက်တိုဘာမှ ၂၀၁၅ ခုနှစ် သြဂုတ်အထိ တိုင်ကြားစာ ၃၇၂၅ စောင်အနက် တရားစီရင်ရေးနှင့် ပတ်သက်၍ အများဆုံးဖြစ်

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ ၂၀၁၄ ခုနှစ် အောက်တိုဘာမှ ၂၀၁၅ ခုနှစ် သြဂုတ်အထိ တိုင်ကြားစာ ၃၇၂၅ စောင်အနက် တရားစီရင်ရေးနှင့် ပတ်သက်၍ အများဆုံးဖြစ်
Published 18 November 2015
ငြိမ်းဇော်လင်း၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ ၂၀၁၄ ခုနှစ် အောက်တိုဘာမှ ၂၀၁၅ ခုနှစ် သြဂုတ်အထိ ရောက်ရှိလာသော တိုင်ကြားစာ ၃၇၂၅ စောင်အနက် တရားစီရင်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာများမှာ အများဆုံးဖြစ်ကြောင်း သတင်းရရှိသည်။
 
နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က လွှတ်တော်သို့ အစီရင်ခံစာတင်ပြစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ ရောက်ရှိလာသော တိုင်ကြားစာများအနက် တရားစီရင်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာ အစောင် ၁၈၀၀၊ လယ်ယာမြေနှင့် စပ်လျဉ်း၍ အစောင် ၁၂၀၀၊ အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ အစောင် ၆၀၀ နှင့် အခြားတင်ပြစာ အစောင် ၁၂၅ ပါဝင်ကြောင်းနှင့် အဆိုပါတိုင်ကြားစာများကို ကော်မတီဝင်များက ဖတ်ရှုလေ့လာ စိစစ်ပြီး သဘောထားမှတ်ချက်များ၊ အကြံပြုချက်များပေး၍ သက်ဆိုင်ရာကော်မတီများ၊ ကော်မရှင်များသို့ပေးပို့ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။
 
ကော်မတီအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာတွင် ကော်မတီဥက္ကဋ္ဌက ဥပဒေများရေးဆွဲသည့်အခါ ရဲများ၏ တာဝန်ခံမှုနှင့်ဆိုင်သော ဥပဒေများကို ရဲများမပါဘဲ ရေးဆွဲခြင်းသည် တစ်ဖက်သတ်ဆန်လွန်းသည်ဟု ထင်မြင်ယူဆပါကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင် ရဲများမပါ၍ မဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့သည် များစွာအရေးပါကြောင်း၊ Community Policing ပြည်သူလူထုနှင့် ဆက်ဆံရေးကို ပိုမိုအလေးထားစေချင်ကြောင်း၊ မိမိတို့သည် ရဲနှင့်ပတ်သက်သည့် ဥပဒေများကို ကိုင်တွယ်သည့်နေရာတွင် လွှတ်တော်တွင် မရောက်မီ လွှတ်တော်အမြင်၊ အရပ်ဘက်အမြင်နှင့် ရဲဘက်အမြင်တို့ကို ညှိနှိုင်းပြီး  ပြုလုပ်ချင်ကြောင်း၊ ပြည်သူ့ရဲဆိုသည်မှာ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူများ၏ ဘဝကို ပိုမိုအေးချမ်းသာယာအောင် ပြုလုပ်ပေးရန်ဆိုသည့် အမြင်ဖြစ်စေရေးအတွက် နှစ်ဖက်စလုံးကို တစ်ပြိုင်နက် ပညာပေးရန် လိုမည်ဖြစ်ကြောင်း စသည်တို့ကို လမ်းညွှန်ဆွေးနွေးခဲ့ပါသည်ဟု ဦးဝင်းမြင့်က အစီရင်ခံစာတင်သွင်းစဉ် ထည့်သွင်းပြောကြားသည်။
 
ထို့ပြင် လားရှိုးမြို့နှင့် မန္တလေးမြို့တို့တွင် တရားဥပဒေစိုးမိုးရေးဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့၏ (Rule of Law Centre Pilot Project) သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် ရန်ကုန်မြို့တို့တွင် ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
 
 

Most Read

Most Recent