ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ် VFF သည် ဗီယက်နမ် နေ့စဉ်ထုတ် နာမည်ကြီးသတင်းစာ Thanh Nien ၏ ပံ့ပိုးမှုဖြင့် ဗီယက်နမ်ဖိတ်ခေါ် ယူ-၂၁ ဘောလုံးပြိုင်ပွဲ (International U-21 Thanh Nien Newspaper Cup) ကို လာမည့် နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လာမည့် နိုဝင်ဘာ ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၁ အသင်း အုပ်ချုပ်သူ ဦးတင်မြင့်အောင်က မိမိတို့အသင်းမှာ ယခင်ကထက် ပိုမိုတိုးတက် လာကြောင်းနှင့် ပြိုင်ဘက်အသင်းများကို အကောင်းဆုံး တုံ့ပြန်သွားမည် ဖြစ်ကြောင်း ဟံသာဝတီနှင့် ခြေစမ်းပွဲ အပြီးတွင် ပြောကြားခဲ့သည်။ ဦးတင်မြင့်အောင်က “ကျွန်တော်တို့အသင်းရဲ့ စုဖွဲ့မှုက တဖြည်းဖြည်းနဲ့ ပိုမိုကောင်းမွန် လာနေပါပြီ။ ပြိုင်ဘက်အသင်းတွေက ခြေစွမ်းထက်တဲ့ အသင်းတွေ ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့အသင်းက အကောင်းဆုံး တုံ့ပြန်သွားမှာပါ။ ဒီပြိုင်ပွဲက ကျွန်တော်တို့ အသင်းအတွက် အတွေ့အကြုံရရှိရုံ တစ်ခုတည်းတင် မဟုတ်ပါဘူး။ အဆင့်တစ်ခုအထိ ရပ်တည်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု(ခ)၌ တောင်ကိုရီးယား ယူ-၁၉၊ ဗွီ-လိဂ်ကလပ် ဟောင်အန်းဂယ်လိုင် ယူ-၂၁ အသင်းတို့နှင့်အတူ ကျရောက်လျက် ရှိသည်။ မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲ သုံးပွဲကစားခဲ့ရာ နှစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့်ခဲ့သည်။
ဗီယက်နမ်ဖိတ် ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၁ အသင်း နိုဝင်ဘာ ၁၈ ရက် ထွက်ခွာမည်၊ ပြိုင်ဘက်အသင်းများကို အကောင်းဆုံး တုံ့ပြန်သွားမည်ဟု အသင်းအုပ်ချုပ်သူ ပြောကြား