ယခုနှစ်အတွင်း မတ်ပဲဈေး စံချိန်တင်သည်အထိ ဈေးကောင်း ရရှိထားပြီး နိုဝင်ဘာလ ပထမပတ်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၇၈၈၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၇၃၀ ရရှိထားကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ် ဧပြီလမှ နိုဝင်ဘာလ ပထမပတ်အထိ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် ၇၈၈၂၉၀ တန်တင်ပို့မှုမှ ဒေါ်လာ ၇၃၀ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“ဒီနှစ်မှာ ပဲတင်ပို့မှုက အရင်နှစ်ကာလ တူထက်တောင်ပိုများတယ်။ ရငွေလည်း ပိုနေတယ်။ ပဲဈေး ကောင်းနေတဲ့အချိန်ဆိုတော့ တောင်သူတွေလည်း ဒီနှစ်မှာ ရငွေပိုလာတာပေါ့။ တင်ပို့မှု အများဆုံးကတော့ မတ်ပဲပဲ။ မတ်ပဲ တစ်မျိုးတည်း တင်ပို့မှုမှာတင် အရင်နှစ်ထက် ဒေါ်လာ ၁၃၇ သန်းလောက် ပိုရထားတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မတ်ပဲဈေးနှုန်းမှာ ယခု ၂၀၁၅ ခုနှစ်အတွင်း စံချိန်တင်သည်အထိ ဈေးကောင်းရရှိထားခြင်း ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အမြင့်ဆုံး ဈေးဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဈေးနှုန်း မြင့်တက်မှုမှာ၂၀၁၅ ခုနှစ် အောက်တိုဘာဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်(ရန်ကုန်တိုင်းဒေသကြီး) ၏ ဈေးနှုန်းများအရ ၂၀၁၅ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၈၅၀၀၀၀ နှင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၁၉၄၀၀၀၀ ရှိရာမှ အောက်တိုဘာ ၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၂၀၃၀၀၀၀ နှင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၂၁၇၃၀၀၀ သို့ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲနှင့် ပဲထောပတ် စသည့် ပဲများကို တင်ပို့မှု ပြုလုပ်လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်၊ ယူအေအီး၊ အင်ဒိုနီးရှား နှင့် အီးယူနိုင်ငံများသို့ တင်ပို့မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ ရက်တွင် မတ်ပဲ FAQ/RC တစ်တန်လျှင် ကျပ် ၂၂၀၀၀၀၀ နှင့် မတ်ပဲ SQ/RC တစ်တန်လျှင် ကျပ် ၂၃၄၀၀၀၀ ရှိကာ ပဲအမျိုးအစားအလိုက် FOB ပေါက်ဈေးများမှာ မတ်ပဲ(၂၀၁၅ Crop)၊FAQ တစ်တန်လျှင် ဒေါ်လာ ၁၇၀၀-၁၇၃၀၊ မတ်ပဲ(၂၀၁၅ Crop) SQ တစ်တန်လျှင် ဒေါ်လာ ၁၈၁၀-၁၈၄၀၊ မတ်ပဲ(၂၀၁၄ Crop) တစ်တန်လျှင် ဒေါ်လာ ၁၆၉၀-၁၇၂၀၊ မတ်ပဲ(၂၀၁၄ Crop) FAQ တစ်တန်လျှင် ဒေါ်လာ ၁၈၀၀-၁၈၇၀၊ ပဲတီစိမ်း FAQ(အညာ) တစ်တန်လျှင် ဒေါ်လာ ၁၀၀၀-၁၀၅၀၊ ပဲစင်းငုံ (၂၀၁၅ Crop) အဖြူ FAQ တစ်တန်လျှင် ဒေါ်လာ ၁၅၇၀-၁၆၀၀ စသည်ဖြင့် ပေါက်ဈေး အသီးသီးရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် (ရန်ကုန်တိုင်းဒေသကြီး) မှ သိရသည်။
ယခုနှစ်အတွင်း မတ်ပဲဈေး စံချိန်တင် ဈေးကောင်းရရှိထားပြီး နိုဝင်ဘာလ ပထမပတ်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၇၈၈၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၇၃၀ ရရှိ










