လာမည့်လွှတ်တော် အသစ်သည် ပထမအကြိမ်ထက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို ပိုမိုဆောင်ရွက်နိုင်ရေး လမ်းခင်းဆောင်ရွက် ပေးကြရန် လက်ရှိလွှတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတိုက်တွန်း

လာမည့်လွှတ်တော် အသစ်သည် ပထမအကြိမ်ထက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို ပိုမိုဆောင်ရွက်နိုင်ရေး လမ်းခင်းဆောင်ရွက် ပေးကြရန် လက်ရှိလွှတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတိုက်တွန်း
Published 16 November 2015

လာမည့်လွှတ်တော် အသစ်သည် ပထမအကြိမ်ထက် အရည်အသွေးနှင့် အရည်အချင်း ပြည့်စုံပြီး  နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ပိုမိုဆောင်ရွက်နိုင် စေရေးအတွက်  လမ်းခင်းဆောင်ရွက် ပေးကြရန် လက်ရှိလွှတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြောကြားသည်။
ပထမအကြိမ် (၁၃) ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများကို နိုဝင်ဘာ ၁၆ ရက်က စတင်ကျင်းပရာတွင် လွှတ်တော် အစည်းအဝေး အဖွင့်အမှာစကား ပြောကြား၌ ၎င်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။
အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ချောမြေ့စွာ ပြီးဆုံးခဲ့ပြီဖြစ်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဂုဏ်သိက္ခာ၊ အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ တိုင်းပြည် ဂုဏ်သိက္ခာများကို မြင့်မားစေကြောင်း၊  ပြည်သူ့လွှတ်တော် အနေဖြင့်လည်း ရွေးကောက်ပွဲ အဆင်ပြေအောင်မြင် စေရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ အပါအဝင် ပြည်သူတစ်ရပ်လုံးကိုလည်း ရွေးကောက်ပွဲကြီး အောင်မြင် ပြီးစီးမှုအတွက် အထူးဂုဏ်ပြုကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
“နောင်လာမယ့် လွှတ်တော် ဖွဲ့စည်းသည်အထိ ပထမကြိမ် လွှတ်တော်၏ သက်တမ်းမှာ နှစ်လခန့်သာ ကျန်ရှိပါတယ်။ ထိုကာလအတွင်း မိမိတို့ လွှတ်တော်မှ ဆောင်ရွက်ဖွယ်ရာ ကိစ္စများကို စေတနာပါပါ သစ္စာရှိရှိ တာဝန် ကျေပွန်စွာ ဆက်လက် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ယနေ့ လွှတ်တော်ထဲရှိ ကျွန်တော် အပါအဝင် ကိုယ်စားလှယ် အချို့ဟာ ရွေးကောက်ပွဲမှာ မဲရှုံးလို့ ဒုတိယအကြိမ် လွှတ်တော်အတွင်း ပြန်လာစရာ အကြောင်း မရှိသော်လည်း၊ လက်ရှိကာလ လွှတ်တော်သက်တမ်း အတွင်းမှာ ကျွန်တော်တို့ ပြည်သူ့ ကိုယ်စားလှယ်များရဲ့ တာဝန်ဝတ္တရားများကို သစ္စာရှိရှိ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး နိုင်ငံနှင့် ပြည်သူများအတွက် လုပ်ဆောင်သွားကြရအောင်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ပထမအကြိမ် (၁၃) ကြိမ်မြောက် အစည်းအဝေး၏ ပထမနေ့တွင် လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၁၇ ဦးအနက် ၃၈၂ ဦး တက်ရောက်ခဲ့သည်။
 

Most Read

Most Recent