NCA မချိုးဖောက်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲကို လက်ရှိအစိုးရ လက်ထက်တွင် စတင်ရန် ကြိုးစားနေသော်လည်း ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးတို့အား ဆုံးဖြတ်မည့် နိုင်ငံရေး ဆွေးနွေးပွဲကိုမူ အစိုးရသစ် လက်ထက်ရောက်မှသာ ပြုလုပ်နိုင်မည်

NCA မချိုးဖောက်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲကို လက်ရှိအစိုးရ လက်ထက်တွင် စတင်ရန် ကြိုးစားနေသော်လည်း ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးတို့အား ဆုံးဖြတ်မည့် နိုင်ငံရေး ဆွေးနွေးပွဲကိုမူ အစိုးရသစ် လက်ထက်ရောက်မှသာ ပြုလုပ်နိုင်မည်
Published 14 November 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မချိုးဖောက်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲကို လက်ရှိအစိုးရ လက်ထက်တွင် စတင်နိုင်ရန် ကြိုးစားနေသော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်မည့် နိုင်ငံရေး ဆွေးနွေးပွဲကိုမူ အစိုးရသစ် လက်ထက်ရောက်မှသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း အစိုးရနှင့် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။နိုင်ငံရေး ဆွေးနွေး ပွဲရလဒ်များမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်သွားရမည် ဖြစ်သည့်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် လိုအပ်သည်ဟု အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့အကြား NCA လက်မှတ် ရေးထိုးပြီးမှုကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ဆောင်ရွက်ခဲ့ရာ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲကာ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဟု NCA တွင် သတ်မှတ်ထား၍ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ဦးဆောင်ရမည့် တာဝန်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို  အချိန်မီ ဖွဲ့စည်းနိုင်ရေး နိုင်ငံရေး ပါတီများဘက်က ကိုယ်စားလှယ်များ အမြန်ဆုံး ရွေးချယ်ပေးရန်လည်း နိုင်ငံရေး ပါတီများအား ဝန်ကြီး ဦးအောင်မင်းက တိုက်တွန်း ပြောကြားထားသည်။NCA တွင် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းကို နှစ်လအတွင်း ပြီးစီးအောင် ပြုလုပ်ရမည်ဖြစ်ရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မလွယ်ကူသော်လည်း မူဘောင် ရေးဆွဲရေးအတွက် အခြေခံ အချက်များစွာ ရရှိပြီးဖြစ်၍ များစွာ အခက်အခဲ မရှိနိုင်ဟု UPWC အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ဆိုသည်။ဦးအောင်နိုင်ဦးက “ဘာဖြစ်လို့လဲဆိုတော့ အခုဟာ နိုင်ငံရေးကလည်း အပြောင်းအလဲ ဖြစ်သွားတဲ့အခါ ကျွန်တော်တို့ မဖြစ်ခင်ကတည်းက ပြောနေတာ ရှိတယ်။ ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲ လာမယ်။ အပြောင်းအလဲ ဖြစ်နိုင်တယ်။ အစိုးရသစ် တက်လာရင် သူက နိုင်ငံရေး ဆွေးနွေးပွဲကို NCA အပေါ်မှာတော့ အခြေခံတယ်။ ပုံစံတစ်မျိုးနဲ့ စဉ်းစားကောင်း စဉ်းစားနိုင်တယ်။ ဒါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဖြစ်အောင်လုပ်မယ်။ ပထမဆုံးလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကိုတော့ ကျွန်တော်တို့ အဖြေမယူဘူး။ ဆုံးဖြတ်ချက် ၏မယူဘူးပေါ့ဗျာ။ ဆိုတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့က NCA ကို ချိုးဖောက်လို့ မရဘူး။ NCA အတိုင်း ရက် ၆၀ ရက် ၉၀ သွားမယ်။ ဒါပေမဲ့ ရက် ၉၀ သွားတဲ့အခါ ကျွန်တော်တို့ဆီမှာ နိုင်ငံရေးအရ မပြည့်စုံတာတွေ ရှိနိုင်တဲ့အတွက် ပထမဆုံး လုပ်တဲ့ပွဲကို တရားဝင် လုပ်ပေမယ့် ဆုံးဖြတ်ချက် မယူသေးဘူး။ တကယ်တမ်းကျတော့ နောင်တက်လာတဲ့ အစိုးရက မေ၊ ဇွန်လ လောက်မှာပဲ လုပ်နိုင်မယ်။ တကယ့် ဆွေးနွေးပွဲကို လုပ်နိုင်မယ် ထင်တယ်” ဟု ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖြစ်ပါက ပထမ ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စများထဲတွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ ပါဝင်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များတွင် ထုတ်ဖော် ပြောဆိုထားရာ လက်ရှိတွင် NLD ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။“ကျွန်မတို့ အဓိကထားပြီး ပထမဆုံးလုပ်မယ့် ကိစ္စတွေထဲမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စကတော့ ပါပါတယ်လို့ ပြောချင်ပါတယ်။ ဒါအင်မတန်မှ အရေးကြီးပါတယ်။ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး ရှိနိုင်မှ ကျွန်မတို့ ပြည်သူတွေ ချမ်းသာနိုင်မှာပါ။ ဒါကြောင့် ဒါကို ပထမ ဦးစားပေးပြီးတော့ လုပ်ရမယ့် ကိစ္စတစ်ခု အနေနဲ့ ကျွန်မတို့ သတ်မှတ်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် ခရီးစဉ်တွင် ပြောဆိုခဲ့သည်။တကယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရွေးကောက်ပွဲကတစ်ဆင့် ထွက်ပေါ်လာသည့် အစိုးရက ဦးဆောင်ပြီး လုပ်ရမှာဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။တိုင်းရင်းသားများ အရေးကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “တိုင်းရင်းသား အရေးတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြောင်းသင့်တာတွေကို ပြောင်းရပါလိမ့်မယ်။ ဒီလို ပြောင်းသင့်တာတွေပြောင်းမှ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ရမှာပါ။ စောစောက ကျွန်မတို့ ပြောသလို ဒုတိယ ပင်လုံညီလာခံလိုဟာမျိုး ညီလာခံတစ်ခု ခေါ်ပြီးတော့ အဲဒီလိုခေါ်တဲ့ အခါမှာ ကျွန်မတို့ ထာဝရ ငြိမ်းချမ်းရေးအတွက် ဘာတွေ လိုအပ်တယ်ဆိုတာ ကျွန်မတို့ ကြည့်ရမှာပါ။ ထာဝရ ငြိမ်းချမ်းရေးအတွက် အခြေခံ လိုအပ်ချက်က တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ကျေနပ်မှုပါပဲ။ ကျေနပ်မှု လုံခြုံမှု ချစ်ခင်မှု အဲဒီဟာတွေကို ဘယ်နည်းနဲ့ ကျွန်မတို့ ပြုစုပျိုးထောင်မလဲ ဆိုတာဟာ ညီလာခံခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်” ဟု ပြောကြားထားသည်။ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် NCA လက်မှတ် ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရော လက်မှတ် မထိုးရသေးသည့် အဖွဲ့များပါ ဂုဏ်ပြုစကား ပြောကြားခဲ့ကြသည်။အစိုးရ အဖွဲ့သစ် အနေဖြင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆက်လက်ပြီး အလေးထား ဆောင်ရွက်သွားလိမ့်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ ဘဝတူ ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးအနေဖြင့် ဘုံနိုင်ငံရေး ရည်မှန်းချက်ဖြစ်သော “နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့” ညီညီညွတ်ညွတ် ဆက်လက် ချီတက်ကြရန် တိုက်တွန်းကြောင်း NCAလက်မှတ်ထိုးပြီးသည့် အဖွဲ့ရှစ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လည်း NLD အနေဖြင့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးသည့်နောက် နိုင်ငံအတွင်း ဖြစ်ရှိနေသော ပြဿနာများစွာအနက် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ တိုင်းရင်းသား လူမျိုးများအကြား ပြန်လည် ရင်ကြားစေ့ရေး၊ ၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် သက်ဆိုင်ရာ အင်အားစု ပါတီအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဖော်ဆောင်သွားရန် တိုက်တွန်းခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်ရှိအစိုးရနှင့် လည်းကောင်း၊ နောက်တက်လာမည့် အစိုးရနှင့် လည်းကောင်း UNFC အနေဖြင့် ဆက်လက် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားရန် အဆင်သင့်ရှိသည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။              

Most Read

Most Recent