အိန္ဒိယ - မြန်မာနယ်စပ် အငြင်းပွားနယ် မြေအတွင်း တစ်ဖက်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေမှုအပေါ် ဒေသခံများအနဖြင့် စိုးရိမ်လျက်ရှိသည်ဟု သိရသည်။“နေရာက နန်းဖာလုံဈေးဧရိယာနဲ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့ကြားက အငြင်းပွားနယ်မြေပါ။ အိန္ဒိယ - မြန်မာနယ်စပ် BP-78--BP-79 ကြားက အငြင်းပွားနယ်စပ် အတွင်းမှာပါ။ တစ်ဖက်နိုင်ငံက ယာယီ ဝါးခြံတွေခတ်ပြီး မုန်ညှင်းတွေ စိုက်လာတာ တွေ့ရတယ်။ အဲဒီလို အငြင်းပွားနေရာမှာ နှစ်နိုင်ငံစလုံးက ဘာမှလုပ်ကိုင်ခွင့်မရှိပါဘူး။ ကျွန်တော်တို့ နန်းဖာလုံဈေးကဆိုရင် အမှိုက်တောင်သွားမပစ်ပါဘူး။ ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက် တုန်းကလည်း အဲဒီလိုပဲ။ နောက်တော့ နယ်ခြားမှတ်ထားတဲ့ ကျောက်တိုင်က ပျာက်သွားပြီး ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က မြေတွေပါသွားတယ်။ ဒါကို တမူးမြို့ခံအားလုံးက သိပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဆိုတာက သုံးနှစ်တစ်ကြိမ်၊ ငါးနှစ်တစ်ကြိမ် ပြောင်းနေတဲ့အခါကျတော့ အချက်အလက်ကို အစုံအလင်မသိကြဘူး။ တဖြည်းဖြည်း ကျူးကျော်လာပြီးတော့ ကိုယ့်နိုင်ငံကမြေတွေ သူများနိုင်ငံထဲပါသွားမှာ စိုးရိမ်မိပါတယ်။ အရင်တုန်းကလည်း ဒီလိုအငြင်းပွားနယ်မြေမှာ အိန္ဒိယနိုင်ငံဘက်က အဆောက်အအုံ ဆောက်မယ်ဆိုလို့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခဲ့ကြ သေးပါတယ်” ဟု တမူး လူငယ်ကွန်ရက်မှ ကို ယဉ်ကိုဦးက ပြောကြားသည်။အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာသတ်မှတ်ရန်အတွက် နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး ယင်းသဘောတူစာချုပ်အရ နယ်နိမိတ် တိုင်းတာသတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပူးတွဲတိုင်းတာခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါတိုင်းတာမှုတွင် မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံဆုံရာနေရာနှင့် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းဒေသအတွင်း နယ်နိမိတ် သတ်မှတ်တိုင်းတာရန် ကျန်ရှိနေခဲ့သည်။မြန်မာ - အိန္ဒိယ နယ်နိမိတ်အရှည်မှာ ၁၄၆၀ ကီလိုမီတာ (၉၀၇ မိုင်) ခန့်ရှိပြီး ယင်းဒေသတွင် နယ်နိမိတ်မှတ်တိုင် ဘီပီ ၅၉ မှ ဘီပီ ၁၁၂ အထိ ၅၃ တိုင်ရှိကာ တမူးခရိုင်အတွင်း မပြီးပြတ်သေးသောနေရာ၊ အငြင်းပွားဒေသအဖြစ် နှစ်နိုင်ငံ သတ်မှတ်ထားသော အငြင်းပွားမှတ်တိုင်များမှာ ဘီပီ ၆၆၊ ၆၇၊ ၇၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄ တို့ဖြစ်ကြောင်း မှတ်တမ်း အချက်အလက်များအရ သိရသည်။“ကျွန်တော်တို့ ဒေသဆိုင်ရာ အာဏာပိုင်အနေနဲ့လည်း ကန့်ကွက်မှုတွေ ပြုလုပ်ထားပါတယ်” ဟု တမူးမြို့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိန္ဒိယ - မြန်မာနယ်စပ် အငြင်းပွားနယ်မြေအတွင်း တစ်ဖက်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေသဖြင့် ဒေသခံများ စိုးရိမ်နေ















