စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ငါးခုမှ ခြောက်ခုအထိ ရှိမည်ဖြစ်ပြီး ကုမ္ပဏီများက ထုတ်ရောင်းပြီး ရှယ်ယာများကိုသာ ပြန်လည် ရောင်းချရန် ဆန္ဒရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်းတွင် ပြုလုပ်သည့် “စတော့အိတ်ချိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာ” ဟောပြောပွဲတွင် ပြောကြားသည်။ယခုအခါ ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်၍ အစုရှယ်ယာများ ရောင်းချလိုသည့် ကုမ္ပဏီ ၁၀ ခုမှ စိတ်ဝင်စားမှု ဖော်ပြလွှာကို မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်သို့ လာရောက် လျှောက်ထားကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။“အခု ကျွန်တော်တို့ လုပ်နေတာက လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်က ရှယ်ယာ ထုတ်ရောင်းနေတဲ့ ကုမ္ပဏီတွေ ဖြစ်တဲ့အတွက် လိမ်တာ ကောက်တာလဲ မရှိဘူး။ သိပ်စိတ်ချရတယ်။ လောလောဆယ်မှာ ငါးခုလောက်နဲ့ စမလား၊ ခြောက်ခုလောက်နဲ့ စမလားစဉ်းစားနေတယ်။ သေချာတာကတော့ လေးငါးခြောက်ခုကတော့ ကျိန်းသေတယ်။ စတဲ့ နေရာမှာလည်း ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို တစ်ပြိုင်နက်တည်း ထုတ်ရောင်းခွင့်ပေးမှာ မဟုတ်ဘူး။ ကုမ္ပဏီ အများစုက တစ်ပြိုင်နက်တည်း ရှယ်ယာ ထုတ်ရောင်းရင် ကျွန်တော်တို့က အခုမှစတာ ဖြစ်တဲ့အတွက် ဝယ်မယ့်သူတွေက ကယောင်ချောက်ချားတွေ ဖြစ်ကုန်မယ်။ အဲဒီတော့ အရင်ဆုံး ကုမ္ပဏီ တစ်ခုကိုပဲ ထုတ်ထားတယ်။ အဲဒီတော့မှ ဝယ်မယ့်သူတွေက ဘာလုပ်တဲ့ ကုမ္ပဏီလဲ။ တကယ်ရော လုပ်နိုင်ရဲ့လား။ သူမှာအခြား ဘာတွေရော ရှိသလဲ အဲဒါတွေကို ဆုံးဖြတ်ပြီးတော့ ဝယ်နိုင်မယ့် အနေအထားမျိုး ဖြစ်လာမယ်။ ရွေးတာကတော့ (ကုမ္ပဏီ) ငါးခုခြောက်ခုလောက် ရွေးထားပြီးသား။ သို့သော် တစ်ကြိမ်မှာ တစ်ခုပဲ ထုတ်ရောင်းမယ်။ နောက်ပြီးတော့ ကုမ္ပဏီတွေရဲ့ ဆန္ဒကလည်း ရှေ့ကရောင်းခဲ့ပြီးသား ရှယ်ယာတွေကိုပဲ Trade လုပ်မယ်ဆိုတော့ တော်တော်ကောင်းတယ်။ ငွေမလိုဘဲနဲ့လဲ အရင်းအနှီး မရှာချင်ဘူး ဆိုတဲ့ဟာရှိတယ်။ ရှိပြီးသား ရှယ်ယာရှင် တွေကလည်း ထုတ်ရောင်းလို့ရမယ်။ လောလောဆယ် အကြမ်းဖျင်းအားတော့ ငါးခု သို့မဟုတ် ခြောက်ခု၊ ခုနစ်ခုလောက်နဲ့ စလုပ်မယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်မည့် ကုမ္ပဏီများ အနေဖြင့် သတ်မှတ်ထားသည့် ကိုက်ညီရမည့် စံသတ်မှတ်ချက် ၁၇ချက်ကို ယခုနှစ် သြဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့သည်။ရန်ကုန် စတော့အိတ်ချိန်း ဖက်စပ်ကုမ္ပဏီကို မြန်မာနိုင်ငံမှ ဘဏ္ဍာရေး ဝန်ကြီးဌာန ကိုယ်စား မြန်မာ့စီးပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ ဒိုင်ဝါအုပ်စုနှင့် ဂျပန် စတော့အိတ်ချိန်းတို့က ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် အသီးသီး ထည့်ဝင် လုပ်ဆောင်ကြခြင်းဖြစ်ပြီး မတည် ရင်းနှီးငွေမှာ ကျပ်ငွေ ၃၁ ဘီလျံဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ ယခင် မြဝတီဘဏ် ရုံးချုပ်ဟောင်းကို ပြန်လည်မွမ်းမံပြီး ရန်ကုန် စတော့အိတ်ချိန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ငါးခုမှ ခြောက်ခုအထိ ရှိမည်ဖြစ်ပြီး ကုမ္ပဏီများက ထုတ်ရောင်းပြီး ရှယ်ယာများကိုသာ ပြန်လည်ရောင်းချရန် ဆန္ဒရှိကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ပြောကြား










