၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မြန်မာ့ဆန် ပြည်ပတင်ပို့မှု ယခင်နှစ်ထက် တန်ချိန် ခြောက်သောင်းကျော် လျော့နည်း

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မြန်မာ့ဆန် ပြည်ပတင်ပို့မှု ယခင်နှစ်ထက် တန်ချိန် ခြောက်သောင်းကျော် လျော့နည်း
Published 14 November 2015
နီလာ

မြန်မာနိုင်ငံမှ ဆန်များ ပြည်ပတင်ပို့ရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာလကုန်အထိ ပြည်ပတင်ပို့မှုမှာ တန်ချိန်အားဖြင့် ၇၈၆၀၅၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၇၄ သန်း ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၆၇၇၆၃ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်ဖိုး လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ ဧကတစ်သိန်းခွဲကျော် ထိခိုက်ပျက်စီးပြီး တစ်နိုင်ငံလုံး စိုက်ဧက၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိသဖြင့် ယခုနှစ် မိုးစပါး ထွက်ရှိမှု လျော့နည်းနိုင်သည့်အပြင် ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့်လည်း လျော့နည်းနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ခန့်မှန်းထားခဲ့သည်။မြန်မာနိုင်ငံတွင် ဆန်စပါးကို ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း စသည့် တိုင်းဒေသကြီးများတွင် အဓိက စိုက်ပျိုးကြကြောင်း၊ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက စုစုပေါင်း ၁၅ သန်းကျော်ရှိပြီး ပျှမ်းမျှအားဖြင့် တစ်ဧကလျှင် စပါးအထွက်နှုန်း တင်း ၅၀ ခန့်ရှိကြောင်း၊ နွေစပါးစိုက်သည့် လယ်ဧကမှာ သုံးသန်းခန့်သာရှိပြီး ပျှမ်းမျှအားဖြင့် တစ်ဧက တင်း ၉၀ ထွက်ရှိကြောင်း သိရသည်။ယခုနှစ် ဆန်တင်ပို့မှု တန်သုံးသိန်းမှ လေးသိန်းဝန်းကျင် လျော့ကျနိုင်ပြီး တန်တစ်သိန်းခွဲ ဝန်းကျင်သာ တင်ပို့နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။“လက်ရှိအချိန်အထိ ဆန်နဲ့ဆန်ကွဲ တန်ရှစ်သိန်းလောက် အထိတော့ ပို့ပြီးသွားပြီ။ ကျွန်တော်တို့ မှန်းတာတော့ အကြမ်းဖျင်းပေါ့ မနှစ်ကထက် စာရင်တော့ တန်သုံးသိန်း လေးသိန်းတော့ လျော့သွားမယ်။ တန်ချိန်တစ်သန်းနဲ့ တစ်သန်းခွဲကြားတော့ တင်ပို့နိုင်လိမ့်မယ်လို့ မှန်းတယ်။ တန် ၁ ဒသမ ၂ သန်းကနေပြီးတော့ တစ်သန်းခွဲကြားလောက်တော့ သွားလိမ့်မယ်။ မနှစ်တုန်းကထက်တော့ လျော့သွားမယ်လို့ မှန်းထားတယ်။ အီယူတို့ ဘာတို့ကတော့ သိပ်မပို့နိုင်ဘူးပေါ့။ မနှစ်တုန်းကလည်း တန်တစ်သိန်းလောက် ပို့တယ်။ ဒီနှစ်လည်း တန်တစ်သိန်းလောက်တော့ မှန်းထားတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဆန်စပါးထုတ်လုပ်မှု၊ စားသုံးမှုနှင့် ပြည်ပတင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်စပါး ထုတ်လုပ်မှု ၁၁ ဒသမ ၉၇ သန်း၊ စားသုံးမှု ၁၀ ဒသမ ၈ သန်းနှင့် ပိုလျှံမှု ၁ ဒသမ ၁၇ သန်းရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ထုတ်လုပ်မှု ၁၂ ဒသမ ၅၈ သန်း၊ စားသုံးမှု ၁၀ ဒသမ ၉၈ သန်းနှင့် ပိုလျှံမှု ၁ ဒသမ ၆ သန်းရှိကြောင်း၊ အလားတူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ထုတ်လုပ်မှု ၁၂ ဒသမ ၆၅ သန်း၊ စားသုံးမှု ၁၀ ဒသမ ၀၄ သန်းနှင့် ပိုလျှံမှု ၂ ဒသမ ၆ သန်းရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။                             

Most Read

Most Recent