ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ယူရို-၂၀၁၆ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်တဲ့ အသင်း(၂၀) ထွက်ပေါ်ခဲ့ပြီဖြစ်ပြီး ကျန်လေးနေရာအတွက် ရှစ်သင်း Play-off နှစ်ကျော့ ကစားသွားမှာပါ။ ပထမအကျော့ကို ယှဉ်ပြိုင်ကစားနေပြီဖြစ်ပြီး ဒီတစ်ပတ် စနေနေ့မှာ နှစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ရှိပါတယ်။ ယူကရိန်း နဲ့ ဆလိုဗေးနီးယား၊ ဆွီဒင် နဲ့ ဒိန်းမတ် တို့တွေ့ဆုံနေပြီး အိမ်ရှင်အသင်းတွေဖြစ်တဲ့ယူကရိန်းနဲ့ ဆွီဒင်တို့ ပြင်သစ်သွားခွင့်လက်မှတ်အတွက် သေချာမှုတစ်စိတ်တစ်ပိုင်း ရယူသွားနိုင်ပါတယ်။ယူကရိန်း နှင့် ဆလိုဗေးနီးယား(၁၄-၁၁-၂၀၁၅ )ဆလိုဗေးနီးယားက ယူကရိန်းအတွက် ခက်ခဲတဲ့ပြိုင်ဘက်ပါ။ အစဉ်အလာအရ ဆလိုဗေးနီးယားကို အနိုင်မရခဲ့ဖူးဘဲ လေးပွဲတွေ့ဆုံမှုမှာ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးခဲ့ပါတယ်။ ယူရို-၂၀၀၀ Play-off အဆင့်မှာလည်း ဆုံတွေ့ခဲ့ဖူးပြီး ယူကရိန်းက အရေးနိမ့်ခဲ့တယ်။ နောက်ပြီး ယူကရိန်းက Play-off ဆိုရင် ကံခေတတ်ပါတယ်။ အဓိက ပြိုင်ပွဲကြီး Play-off နောက်ဆုံး ငါးကြိမ်မှာ ယူကရိန်း တစ်ကြိမ်မှ အောင်မြင်ခြင်းမရှိခဲ့ဘူး။ ဒါကြောင့် ယူကရိန်းအနေနဲ့ ခြောက်ကြိမ်မြောက်မှာ အောင်မြင်ဖို့နဲ့ ဆလိုဗေးနီးယားကို ပထမဆုံး အနိုင်ရဖို့ ရည်ရွယ်ချက် နှစ်ရပ်ကို တစ်ပြိုင်တည်း ကြိုးပမ်းရမှာပါ။ လက်ရှိခြေစွမ်းပိုင်းမှာတော့ ယူကရိန်း သာပါတယ်။ ယူကရိန်းက နောက်ဆုံးကိုးပွဲမှာ ရှုံးပွဲနှစ်ပွဲသာရှိခဲ့ပြီး နှစ်ပွဲစလုံးက ယူရိုလက်ရှိချန်ပီယံ စပိန်အသင်း ကိုရှုံးခဲ့တာပါ။ ဆလိုဗေးနီးယားကတော့ ခံစစ်ပိုင်း စိတ်မချရဘူး။ အထူးသဖြင့် ယူကရိန်း အားသန်တဲ့ တောင်ပံတိုက်စစ်တွေကို ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူး။ ယူကရိန်းမြေမှာ ဆလိုဗေးနီးယား အရေးနိမ့်ဖို့များတယ်။ဆွီဒင် နှင့် ဒိန်းမတ်
(၁၅-၁၁-၂၀၁၅ )အိမ်နီးချင်းဖြစ်တဲ့ ဒီနှစ်နိုင်ငံကသမိုင်း တစ်လျှောက် ၁၀၄ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ဆွီဒင် က ၄၆ ပွဲနိုင်၊ ဒိန်းမတ်က ပွဲ ၄၀ နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ခြေစစ်ပွဲ တွေ့ဆုံမှုတွေမှာတော့ ဆွီဒင်က အစဉ်အလာပိုင်း အားနည်းပါတယ်။ ဆွီဒင်က ခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်တွေမှာ ဒိန်းမတ်ကို အနိုင်မရခဲ့ဖူးသလို၊ ဂိုးလည်း မသွင်းဖူးပါဘူး။ ပြီးခဲ့တဲ့ ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေ အရတော့ ဆွီဒင်ရဲ့ အိမ်ကွင်းရလဒ်ပိုင်းက အားရစရာရှိပါတယ်။ သြစတြီးယားကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးခဲ့တာကလွဲရင် ကျန်ပွဲတွေမှာ အမှားအယွင်း နည်းခဲ့ပါတယ်။ ဒိန်းမတ်ကလည်း ခြေစစ်ပွဲ အုပ်စုအဆင့်မှာ အဝေးကွင်း ရှုံးပွဲတစ်ပွဲပဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒိန်းမတ်တိုက်စစ်က အတော်လေးအားနည်း ပြီးအုပ်စုအဆင့် ရှစ်ပွဲမှာ ရှစ်ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဆွီဒင်ကတော့ ခံစစ်ပိုင်း စိတ်မချရပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုးသွင်းသေချာပါတယ်။ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမို ဗစ်ကိုလည်း ဒိန်းမတ်ခံစစ်က ခက်ခက်ခဲခဲ ထိန်းချုပ်ရလိမ့်မယ်။ ဆွီဒင်ကွင်းမှာ ဆွီဒင်ပဲ နိုင်ပွဲရဖို့များတယ်။
ယူကရိန်းနဲ့ ဆွီဒင်တို့ ပြင်သစ်သွားခွင့်လက်မှတ် တစ်စိတ်တစ်ပိုင်း ရသွားနိုင်တယ်
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago