ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ကာ ခြေ လက်များကို ကြိုးဖြင့်တုပ်၍ ပီနံအိတ်ဖြင့် ထုပ်ကာ စွန့်ပစ်ထားသည့် ဖြစ်စဉ်မှ တရားခံအား ဖမ်းဆီးရမိပြီးနောက် နှစ်နှစ်နီးပါးခန့် ကြာမြင့်ချိန် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်များ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
“ဟုတ်ကဲ့ ကျွန်မညီမ မသန်းထွေးကို သတ်တဲ့ တရားခံ ဦးတင်စိုးကို ပဲခူးခရိုင်တရားရုံး ၁ က ၉ ရက် ညနေ ၂ နာရီကျော်လောက်က ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ်သုံးနှစ် အမိန့်ချလိုက်ပါတယ်။ ကျွန်မညီမရဲ့သားကလည်း အဲဒီနေ့မှ ထိုင်းကနေ ပြန်ရောက်လာတာ။ တရားအမိန့်ချ တဲ့ဆီကို မသွားဖြစ်လိုက်ဘူး။ ကျွန်မတို့လည်း အထောက်အထားမစုံသေးလို့ အသတ်ခံရတုန်းက ပါသွားတဲ့ ပစ္စည်းတွေ လည်း မထုတ်ရသေးပါဘူး”ဟု ခေါင်းဖြတ် အသတ်ခံရသူ မသန်းထွေး၏အစ်မ မစန်းစန်းက ပြောကြားသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်-မန္တလေး ပုံမှန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၉ မိုင် ၁ ဖာလုံ၊ ဖြူးမြို့နယ် ညောင်ပင်လှကျေးရွာ ဇဟားတံတားအနီးတွင် အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ပြီး ခြေလက်များကို ကြိုးဖြင့်တုပ်၍ အဝတ်မပါ ကိုယ်လုံးတီး၊ ခန္ဓာကိုယ်အား အမဲရောင် ကြွပ်ကြွပ်အိတ်အတွင်း ထည့်၍ ပီနံအိတ်ဖြင့်ထုတ်ကာ ဇဟားတံတား အောက်ခြေတွင် စွန့်ပစ်ခဲ့ပြီး ယင်းနေရာနှင့် နှစ်မိုင်ခန့်အကွာ၌ ဦးခေါင်းပိုင်းပြတ်အား စွန့်ပစ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းအမှုမှ ပြစ်မှုကျူးလွန်သူ ဦးတင်စိုး ၅၉ နှစ် (ဘ)ဦးလှမောင် ကျောက်တံခါး မြို့နယ်နေသူအား တစ်နှစ်ခန့်အကြာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ခေါင်းဖြတ်အသတ်ခံရသူမှာ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ အောင်ဇေယျရပ်ကွက်နေ မသန်းထွေး(၄၁) နှစ်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ပဲခူးခရိုင်တရားရုံးတွင် ပြစ်မှုပုဒ်မ ၃၀၂ (၂) နှင့် ၄၀၄ အရ တရားစွဲဆို စစ်ဆေးခဲ့ရာ နှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက် ရောက်မှသာ အမိန့်ချမှတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လူသတ်မှုဖြစ်စဉ်တွင် ပဲခူးခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ ဦးတင်စိုးအား စစ်ဆေးနေသည့် ပြစ်မှုပုဒ်မများအား တရားလို မိသားစုဝင်များက ကျေနပ်မှု မရှိသောကြောင့် ပြစ်မှုကျူးလွန်သူ ဦးတင်စိုးအနေဖြင့် ကြိုတင်ကြံစည်မှု၊ အလောင်းဖျောက်ဖျက်မှု၊ ရုပ်ဖျက်ဆီးမှုများအပြင် အသတ်ခံရသူ မသန်းထွေးထံမှ စ္စည်းနှင့် ငွေကြေး လိမ်လည် ရယူထားမှုများ ရှိနေသောကြောင့် အမှုအား ပြင်ဆင်ချက် လျှောက်ထားခဲ့သော်လည်း ပြင်ဆင်ပေးခြင်းမရှိဘဲ ပဲခူးခရိုင် တရားရုံးမှ မူလပုဒ်မများအတိုင်း အမိန့်ချမှတ်ခဲ့ရာ ပြစ်မှု ပုဒ်မ ၃၀၂ (၂) အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ပြစ်မှုပုဒ်မ ၄၀၄(က) အတွက် ထောင်ဒဏ် သုံးနှစ်တို့ဖြင့် အမိန့်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များအား သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့၌ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သူ တရားခံကို ဖမ်းဆီးရမိပြီး နှစ်နှစ်နီးပါး အကြာတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်