စိုးသူ၏ 'အမြတ်နိုးဆုံး မင်းအကြောင်းလေး’ ကိုယ်ပိုင်သံစဉ် တေးစီးရီးသစ် ဖြန့်ချိမည်ဖြစ်ပြီး နှစ် (၅၀) ပြည့် မွေးနေ့ဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည်

စိုးသူ၏ 'အမြတ်နိုးဆုံး မင်းအကြောင်းလေး’ ကိုယ်ပိုင်သံစဉ် တေးစီးရီးသစ် ဖြန့်ချိမည်ဖြစ်ပြီး နှစ် (၅၀) ပြည့် မွေးနေ့ဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည်
Published 5 November 2015
လင်းလင်းခိုင်

သရုပ်ဆောင် အဆိုတော်စိုးသူ၏ ‘အမြတ်နိုးဆုံး မင်းအကြောင်းလေး’ ကိုယ်ပိုင်သံစဉ် တေးစီးရီးသစ်ကို နိုဝင်ဘာ ၁၄ ရက်တွင် စတင် ဖြန့်ချိမည်ဖြစ်ပြီး အဆိုတော် စိုးသူ၏ နှစ်(၅၀)ပြည့် မွေးနေ့နှင့် အနုပညာ သက်တမ်း (၃၅) နှစ်ပြည့် အမှတ်တရ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၃၀ ရက်တွင် မန္တလေးမြို့မင်္ဂလာသီရိ အားကစားကွင်း၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ 
‘အမြတ်နိုးဆုံး မင်းအကြောင်းလေး’ ဟု အမည်ပေးထားသည့် သရုပ်ဆောင် အဆိုတော်စိုးသူ၏ တစ်ကိုယ်တော် တေးစီးရီးသစ်မှာ ၁၂ ခွေမြောက် တေးစီးရီးဖြစ်ပြီး တေးရေး ဒဲရက်ခ်မင်လ်လာ၊ တင်မောင်နီ(ဖာရွတ်)၊ စောခူဆဲလ်၊ နောင်နောင်(S.F )၊ စကိုင်း (ရို့စ်ဘားမား)၊ ဖိုးကာ၊ ရယ်ဂျီ၊ လင်းနစ်၊ အောင်ကိုမြင့်၊ ရော်နယ်လ်၊ သော်ကြီး၊ ကလုန်း(န်)၊ နေထိုက်စိုးနှင့် စိုးသူတို့၏ တေးသီချင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတေးစီးရီးတွင်ပါဝင်သည့် တေးသီချင်းလေးပုဒ်ကို နိုဝင်ဘာ ၁၄ ရက် နံနက် ၅ နာရီတွင် အင်တာနက်မှတစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ယင်းရက်နှင့် သုံးရက်စီခြားကာ သီချင်း အသစ်လေးပုဒ်စီအား အင်တာနက်မှတစ်ဆင့် လွှင့်တင်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။ တေးသီချင်း ဝယ်ယူလိုသူများအနေဖြင့် Striking Thunder Entertainment ၏ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝယ်ယူနိုင်မည် ဖြစ်ကာ ကြိုက်နှစ်သက်ရာ ဖုန်းအမျိုးအစားဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်း၏ Prepaid Card မှ တစ်ဆင့် ကျသင့်ငွေ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
‘‘ကျွန်တော်ဒီအခွေလေးကို စီစဉ်နေတာ စုစုပေါင်း နှစ်နှစ်ခွဲလောက် ကြာသွားပါတယ်။ ပရိသတ်ကို အကောင်းဆုံး တင်ဆက်ချင်တဲ့စိတ်နဲ့ အထပ်ထပ်အခါခါ အကောင်းဆုံး ပြန်လုပ်ဖြစ်နေတာပါ။ အဲဒီလိုစီစဉ်နေ ရင်းနဲ့ သီချင်းစုစုပေါင်းက အပုဒ် ၂၀ လောက် ဖြစ်သွားတယ်။ အခုတော့ထွက်ဖို့ သင့်နေပြီလို့လည်း ထင်တာကြောင့် ဒီစီးရီးကို မတူကွဲပြားတဲ့ ပုံစံနဲ့ ဖြန့်ချိသွားမှာပါ။ ပထမဆုံးလေးပုဒ်ကို အင်တာနက်က တစ်ဆင့်ရောင်းချမယ်။ သုံးရက်ခြားပြီး နောက်ထပ် လေးပုဒ်စီ စုစုပေါင်း ၁၂ ပုဒ် အရင်ရောင်းချသွားမှာပါ။ စီဒီအနေနဲ့ကတော့ နိုဝင်ဘာ ၂၈ ရက်မှာ ဖြန့်ချိပြီး အဲဒီမှာသီချင်း ၁၄ ပုဒ် ပါဝင်ပါမယ်။ ကျွန်တော့်အခွေကို အကြာကြီး စောင့်ပေး ကြရတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ဖန်တီးထားပါတယ်’’ ဟု သရုပ်ဆောင် အဆိုတော်စိုးသူက ရှင်းပြခဲ့သည်။
သရုပ်ဆောင် အဆိုတော်စိုးသူ၏ ‘အမြတ်နိုးဆုံး မင်းအကြောင်းလေး’ တေးစီးရီး အား အွန်လိုင်းတွင် စတင်ဖြန့်ချိမည့် နိုဝင်ဘာ ၁၄ ရက်တွင် ပထမဆုံး ဝယ်ယူသူများကို စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ၅၀၀၀ တန် လက်မှတ်များအား ပေးအပ်သွားမည်ဖြစ်ကာ လက်ဆောင်ပေးအပ်မည့် လက်မှတ်အရေအတွက် ကန့်သတ်ထားမည် မဟုတ်ကြောင်းသိရသည်။ ယင်းတေးစီးရီးစီဒီကို နိုဝင်ဘာ ၂၈ ရက်တွင် ဖြန့်ချိမည်ဖြစ်ကာ တေးသီချင်း ၁၄ ပုဒ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုတော်စိုးသူသည် အသက် (၅၀)  ပြည့် မွေးနေ့ဖျော်ဖြေပွဲကိုလည်း နိုဝင်ဘာ ၃၀ ရက်တွင် မန္တလေးမြို့ မင်္ဂလာသီရိ အားကစားကွင်း၌ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ထို့အပြင် ဒီဇင်ဘာ ၂၀ ရက်တွင်လည်း ရန်ကုန်မြို့၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။