ကမ္ဘာ့ထိပ်တန်း အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်သည့် Miss International ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်တော့မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် အလှမယ် အမရာငြိမ်းနှင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်၍ ပြိုင်ပွဲတစ်လျှောက် အတွေ့အကြုံများ၊ နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများနှင့် စိတ်လှုပ်ရှား ရင်ခုန်မှုများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- လက်ရှိအချိန်အထိ Miss International ပြိုင်ပွဲအတွက် လှုပ်ရှားခဲ့ပြီးတဲ့ Activities အတွေ့အကြုံတွေ အရင် ပြောပြပေးပါလား။
ဖြေ- အတွေ့အကြုံတွေကတော့ အများကြီး ရပါတယ်။ မရောက်ဖူးတဲ့ အရပ်ဒေသတစ်ခုမှာ မရောက်ဖူးတဲ့ နေရာတွေကို ရောက်ရတာ ဖြစ်သလို နိုင်ငံအစုံက လာကြတဲ့ အပေါင်းအသင်း အသစ်တွေလည်း အများကြီး တွေ့ကြုံရပါတယ်။ ပြိုင်ပွဲဝင်တွေ အကုန်လုံးကလည်း ညီအစ်မတွေလို ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် နေခွင့်ရလို့ အရမ်းပျော်စရာ ကောင်းပါတယ်။
မေး- နိုင်ငံတကာကလာတဲ့ ပြိုင်ပွဲဝင်တွေနဲ့အတူ Activities တွေ လုပ်ဆောင်ရတဲ့အခါမှာ ကိုယ်တိုင် လုပ်နိုင်ခဲ့သလောက်အပေါ် ဘယ်လို ပြန်သုံးသပ်မိလဲ။
ဖြေ- ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေထဲမှာ သက်တမ်းအရင့်ဆုံး အလှမယ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss International ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ပါဝင်ယှဉ်ပြိုင် နိုင်ခဲ့တာ လေးနှစ်ပဲ ရှိပါသေးတယ်။ ဒါကြောင့် လိုအပ်ချက်တွေ ကတော့ အများကြီးပါပဲ။ သူတို့ဆီက အလှမယ်တွေက ပြိုင်ပွဲပြိုင်မယ်ဆိုရင် အသက် ၁၈ နှစ်၊ ၁၉ နှစ်ကတည်းက သေချာပြင်ဆင်ထားကြတယ်။ ခန္ဓာကိုယ် လှပမှုအတွက်ကို လေ့ကျင့်ထားကြတယ်။ အမရာတို့ဘက်မှာ အားသာတာ တစ်ခုကတော့ ပရိသတ်ပါ။ သူတို့ဆီမှာကတော့ ရိုးသွားလို့ပဲလား၊ ဘယ်လို ကြောင့်လဲတော့ မသိဘူး။ ပရိသတ်က အရမ်းအားပေးတာမျိုး မရှိဘူး။ အမရာတို့ မြန်မာပရိသတ်တွေကတော့ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်တဲ့ အလှမယ်တိုင်းကို အင်တိုက်အားတိုက် အားပေးကြတယ်။ အဲဒါကတော့ အားသာချက်ပါပဲ။ အဝတ်အစားပိုင်းဆိုရင်လည်း အရင်သွားပြိုင် ခဲ့ကြတဲ့ အစ်မတွေက ဘယ်လိုဝတ်ရင် ကောင်းမယ်၊ ဘယ်လိုဝတ်ရင် အဆင်မပြေလောက်ဘူး ဆိုတာတွေ အကြံ ဉာဏ်ပေးကြတဲ့အတွက် ကောင်းကောင်းလေး ပြင်ဆင်သွားနိုင်ခဲ့တယ်။ သွားတာလာတာ နေတာထိုင်တာကအစ တခြားအလှမယ်တွေနဲ့ တန်းတူ လိုက်လုပ်နိုင်ခဲ့တယ်။ အရမ်းတော့ ပင်ပန်းတယ်။ ကိုယ့်တစ်ယောက်တည်းအတွက် ဆိုရင်တောင် ဒီလောက် အင်တိုက်အားတိုက် လုပ်နိုင်မယ် မထင်ဘူး။ ဒါပေမဲ့ အမရာနောက်မှာ အားပေးနေတဲ့ မြန်မာပရိသတ်တွေ အများကြီးရှိတယ်။ သူများဒါလုပ်ရင် ငါဒါလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ အကောင်းဆုံ းကြိုးစားဖြစ်နေတာပါ။
မေး- နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ- နောက်ဆုံးအဆင့်ပြိုင်ပွဲက နိုဝင်ဘာ ၅ ရက်ဆိုတော့ သုံးလေးရက်ပဲ လိုတော့တယ်။ အရမ် းစိတ်လှုပ်ရှားမိပါတယ်။ ကမ္ဘာ့စင်မြင့်ထက်မှာ ကမ္ဘာ့အလယ်က ပရိသတ်ကို မြန်မာမိန်းကလေးရဲ့အလှဆိုတာ ဒီလိုပါလား၊ Talent ပြသနိုင်မှုဆိုတာ ဒီလိုပါလားဆိုတာ ပြရမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းက နိုင်ငံရဲ့Image ကို ထိခိုက်မှာ၊ တစ်ခုခု လွဲချော်သွားမှာကို စိုးရိမ်တယ်။ Talent ပြသတုန်းကလည်း အဲဒီလိုစိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ Final ပြိုင်ပွဲမှာ မိတ်ကပ်က ကိုယ့်ဘာသာ ပြင်ရမှာပါ။ အဲဒါပြဿနာမရှိ ပေမယ့် ဆံပင်ကတော့ နည်းနည်း ပြဿနာ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီရက်ထဲ လေ့ကျင့်နေပါတယ်။ အမရာက အရမ်းကြောက်တတ်ပါတယ်။ ပရိသတ်တစ်ယောက်က Message Box ကတစ်ဆင့် လာပြောထားတာတော့ ဘာမှ အားငယ်စရာ မရှိဘူး။ ကြောက်စိတ်ဝင်လာရင် အမရာနောက်မှာ မြန်မာပြည်က သန်းပေါင်းများစွာသော ပရိသတ်ရှိတယ်လို့ ပြောထားပါတယ်။ အဲဒီအချိန်ကစပြီး ပိုပြီး Strong ဖြစ်လာသလို Active ဖြစ်လာပါတယ်။ ယုံကြည်မှုလည်း ရှိလာတယ်။
မေး- ရလဒ်ကို ဘာမှမျှော်လင့်မထားဘူးဆိုတော့ ဒီပြိုင်ပွဲကတစ်ဆင့် ဘယ်လိုအရာတွေကို အဓိက ပြသယှဉ်ပြိုင် နိုင်ခဲ့တယ်လို့ ယုံကြည်ထားလဲ။
ဖြေ- မြန်မာအလှမယ်က လှတယ်၊ တော်တယ်၊ သူများနဲ့တန်းတူ စွမ်းဆောင်နိုင်တယ် ဆိုတာတွေကို အကောင်းဆုံး ပြသနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ မြန်မာပရိသတ်တွေက စည်းလုံးကြတယ်။ မြန်မာအလှမယ်ကို ဘယ်လောက် ချစ်ကြတယ်ဆိုတာလည်း ပြသနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ရလဒ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။
မေး- Miss International ဆုသာ ရခဲ့မယ်ဆိုရင် ဘာတွေ အဓိက လုပ်ဆောင်သွားချင်လဲ။
ဖြေ- အမရာသာ ဒီဆုကိုရခဲ့မယ်ဆိုရင် တိုင်းပြည်မှာ ငြိမ်းချမ်းရေး သံတမန်အဖြစ် ဆောင်ရွက်ခွင့် ရချင်ပါတယ်။ နိုင်ငံတကာကိုလည်း မြန်မာနိုင်ငံမှာ ဘာတွေခံစားခဲ့ရလဲ၊ ဘာတွေခံစားနေရလဲ၊ ဘယ်လို အကောင်းဆုံး ရှေ့ဆက် သွားလို့ရမလဲ ဆိုတာတွေကို ပြောပြခွင့် ရချင်ပါတယ်။ အခုသွားပြိုင်တဲ့အခါ မြန်မာလို့ ပြောလိုက်ရင် အလှမယ် အများစုက မသိကြဘူး။ အဲဒီအတွက် ဝမ်းနည်းရတယ်။ နိုင်ငံတကာကို ထပ်မံ သွားရောက် ယှဉ်ပြိုင် မယ့် မျိုးဆက်သစ် အလှမယ်တွေအတွက် အမရာရဲ့Knowledge တွေကို မျှဝေပေးချင်ပါတယ်။
မေး- ဆုမရခဲ့ရင် မဲပေးဖို့အမီ ပြန်လာမယ်လို့ ပြောထားတယ်နော်။ အခုပြုလုပ်တော့မယ့် ရွေးကောက်ပွဲ အပေါ် ခံယူချက်ကိုလည်း သိချင်ပါတယ်။
ဖြေ- ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဓိက အခက်အခဲက မဲပေးရမယ့် ပြည်သူတွေက လုံလောက်တဲ့ အသိပညာမရဘူး။ လွတ်လပ်စွာ ရွေးချယ်ခွင့် ဆိုရာမှာလည်း ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ မသမာမှုတွေ လည်းရှိနေတယ်။ အမရာကတော့ တရားသောစစ်သည် အမြဲနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ အမရာ ဆုမရခဲ့ရင် အမီပြန်လာပြီး ပြည်သူ့ပါတီ NLD ကို မဲပေးပါမယ်။