လီဗာပူးလ်နဲ့ပွဲက ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုအတွက် အဆုံးအဖြတ်ပွဲလို့ ဆိုကြပါတယ်။ ဒီပွဲကို ရှုံးနိမ့်ခဲ့ရင် မော်ရင်ဟိုရဲ့ ဒုတိယအကြိမ် ချယ်လ်ဆီးနည်းပြဘ၀ ချုပ်ငြိမ်း သွားနိုင်ပါတယ်။ အဆင့် ၁၅ နေရာရောက် ချယ်လ်ဆီးအသင်းကို မော်ရင်ဟို ဆွဲတင်နိုင်မလား ဒီပွဲမှာ ကြည့်ရမှာပါ။ တစ်ဖက်မှာလည်း လီဗာပူးလ်အသင်းက လန်ဒန်မြို့မှာ ပရီးမီးယားလိဂ် နိုင်ပွဲ ၅ ပွဲဆက် ပျောက်ဆုံးနေပြီး၊ နည်းပြ ယာဂန်ကလော့ပ်ကလည်း ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲ ရှာမတွေ့သေးပါဘူး။ ချယ်လ်ဆီးကိုလည်း လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်မှာ ခြောက်ပွဲဆက် အနိုင်မရခဲ့ဘဲ သုံးပွဲသရေ၊ သုံးပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ နှစ်သင်းစလုံး ရုန်းကန်မယ့်အချိန်မှာ နိုင်ပွဲ ရှာတွေ့မှာက ချယ်လ်ဆီးနဲ့ မော်ရင်ဟိုလား၊ လီဗာပူးလ်နဲ့ ယာဂန်ကလော့ပ်လား . .။
■ ချယ်လ်ဆီး နှင့် လီဗာပူးလ်
(၃၁-၁၀-၁၅ စနေ ည ရး၁၅ )
ယမန်နှစ်ရလဒ် ချယ်လ်ဆီး ၁-၁ လီဗာပူးလ်
ချယ်လ်ဆီးခံစစ်က လူပဲပြောင်းပြောင်း၊ မူပဲပြောင်းပြောင်း တိုးတက်လာတာ မတွေ့ရသေးဘူး။ ဒါပေမဲ့ လီဗာပူးလ်ကလည်း အဓိက တိုက်စစ်မှူးတွေ ဒဏ်ရာနဲ့ ရုန်းကန်နေရတယ်။ ယာဂန်ကလော့ပ်က မော်ရင်ဟို အတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ပေမယ့် လီဗာပူးလ်ရဲ့ စုဖွဲ့မှုက ဒဏ်ရာကြောင့် လျော့ရဲနေတယ်။ ချယ်လ်ဆီး ကပ်နိုင်ဖို့များပါတယ်။
■ဆွမ်ဆီး နှင့် အာဆင်နယ်
(၃၁-၁၀-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ဆွမ်ဆီး ၂-၁ အာဆင်နယ်
အာဆင်နယ် လေးပွဲဆက်နိုင်ပြီး ခြေမှန်နေသလို၊ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၁၁ ပွဲမှာလည်း ကိုးပွဲအထိနိုင်ပြီး ရှုံးပွဲတစ်ပွဲသာ ရှိခဲ့တယ်။ ဝေါလ်ကော့၊ ရမ်ဆေးတို့ မကစားနိုင်လို့ အပြောင်းအလဲ ရှိနိုင်ပေမယ့် အာဆင်နယ် ထိုးကျသွားနိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဆွမ်ဆီးကလည်း ပုံမှန်ခြေ မရှိသေးလို့ အာဆင်နယ်ကိုပဲ ရွေးရမှာပါ။
■ဝက်စ်ဘရွန်း နှင့် လက်စတာ
(၃၁-၁၀-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ဝက်စ်ဘရွန်း ၂-၃ လက်စတာ
ဝက်စ်ဘရွန်းက မာကျောတဲ့ ခံစစ်ကစားပုံကို ပြန်ရှာတွေ့ထားတယ်။ ဗာဒီ ဂိုးမြူးနေတဲ့ လက်စတာ တိုက်စစ်နဲ့ ထိပ်တိုက်တွေ့မှာပါ။ ဝက်စ်ဘရွန်း ဂိုးသွင်းအား နည်းပေမယ့် နှစ်သင်း တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၄ ပွဲမှာ လက် စတာ Clean Sheet တစ်ပွဲမှ မရခဲ့တာ သတိပြုရမယ်။ အစဉ်အလာပိုင်းလည်း သာတဲ့ ဝက်စ်ဘရွန်းကို ရွေးထားချင်တယ်။
■ခရစ္စတယ်ပဲလေ့စ် နှင့် မန်ယူ
(၃၁-၁၀-၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ပဲလေ့စ် ၁-၂ မန်ယူ
မန်ယူခံစစ်မှာ ဖီးလ်ဂျုံးစ် ဝင်လာတဲ့ နောက်ပိုင်း ဘလင်း ကစားခဲ့တဲ့အချိန်ကထက် တည်ငြိမ်လာတယ်။ နောက်ဆုံး လေးပွဲမှာ Clean Sheet သုံးပွဲ ရခဲ့ပါတယ်။ တိုက်စစ်ပိုင်းကတော့ နှစ်သင်းစလုံး ခြေစွမ်း ကျဆင်းနေတာချင်း တူတယ်။ ဒါပေမဲ့ ပဲလေ့စ်က ပရီးမီးယားလိဂ်မှာ မန်ယူကို မနိုင်ဖူးဘဲ ၁၂ ပွဲမှာ ၁၀ ပွဲရှုံးခဲ့တယ်။ မန်ယူကပ်နိုင်ဖို့ များပါတယ်။
■မန်စီးတီး နှင့် နောဝစ်ချ်
(၃၁-၁၀-၂၀၁၅ စနေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု မန်စီးတီး ၇-၀ နောဝစ်ချ်
မန်စီးတီးက မန်ယူကွင်းမှာ ဂိုးပေါက်ပျောက်ခဲ့ပေမယ့် အိမ်ကွင်း နောက်ဆုံး နှစ်ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားပါတယ်။ နောဝစ်ချ်ကလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲတိုင်း ဂိုးပေးရတဲ့ အသင်းအဖြစ် တစ်သင်းတည်း ရပ်တည်နေပါတယ်။ မန်စီးတီးကွင်းမှာ အစဉ်အလာအတိုင်း နောဝစ်ချ် ဂိုးပြတ် ရှုံးဖို့များပါတယ်။
■နယူးကာဆယ် နှင့် စတုတ်စီးတီး
(၃၁-၁၀-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် နယူးကာဆယ် ၁-၁ စတုတ်စီးတီး
နောဝစ်ချ်ကို ဂိုးပြတ်နိုင်ပြီး တက်ရိပ်ပြခဲ့တဲ့ နယူးကာဆယ် ဆန်းဒါးလန်းကို ဂိုးပြတ် ပြန်ရှုံးပြီး ကျဆင်းသွားပါတယ်။ စတုတ်စီးတီးကတော့ အဝေးကွင်းမှာ ခြေပို စွာနေပါတယ်။ အဝေးကွင်း ငါးပွဲမှာ တစ်ပွဲပဲရှုံးခဲ့ပြီး နောက်ဆုံး အဝေးကွင်း နှစ်ပွဲကိုလည်း အနိုင် ကစားထားပါတယ်။ နယူးကာဆယ်ကွင်း ဆိုပေမယ့် စတုတ်စီးတီး မရှုံးနိုင်တဲ့ပွဲပါ။
■ဝက်ဖို့ဒ် နှင့် ဝက်စ်ဟမ်း
(၃၁-၁၀-၂၀၁၅ စနေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု ဝက်ဖို့ဒ် ၁-၁ ဝက်စ်ဟမ်း
ဝက်ဖို့ဒ်က အိမ်ကွင်း နောက်ဆုံးနှစ်ပွဲမှာ ပဲလေ့စ်နဲ့ အာဆင်နယ် လန်ဒန်မြို့ခံ နှစ်သင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဝက်စ်ဟမ်းက အဲဒီ အသင်းတွေကို နိုင်ခဲ့တဲ့ လန်ဒန်အသင်းပါ အစဉ်အလာအရလည်း အမှတ်ပေးပွဲ ၂၂ ကြိမ်တွေ့ဆုံမှုမှာ ဝက်ဖို့ဒ် နိုင်ပွဲတစ်ပွဲပဲ ရှိခဲ့ပါတယ်။ မန်စီးတီးနောက်မှာ တိုက်စစ် ဒုတိယ အကောင်းဆုံး ဝက်စ်ဟမ်းကိုပဲ ကြိုက်တယ်။
■အဲဗာတန် နှင့် ဆန်းဒါးလန်း
(၁-၁၁-၁၅ တနင်္ဂနွေ ည ၈း၀၀)
ယမန်နှစ်ရလဒ် အဲဗာတန် ဝ-၂ ဆန်းဒါးလန်း
အာဆင်နယ်၊ မန်ယူတို့နဲ့ နှစ်ပွဲဆက် တွေ့ခဲ့လို့ အဲဗာတန် ရှုံးပွဲဆက်သွားတယ်။ ဆန်းဒါးလန်းကတော့ ဒီရာသီ ပထမဆုံးနိုင်ပွဲကို ရှာတွေ့ထားပါတယ်။ ဆန်းဒါးလန်းက အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ငါးပွဲမှာ သုံးပွဲနိုင်ပြီး တစ်ပွဲပဲရှုံးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ စုဖွဲ့မှုနဲ့ ဆန်းဒါးလန်းရဲ့ အဝေးကွင်း ခြေစွမ်းတွေကြောင့် အဲဗာတန်ပဲ အနိုင်ရဖို့များတယ်။
■ဆောက်သမ်တန် နှင့် ဘုန်းမောက်
(၁-၁၁-၁၅ တနင်္ဂနွေ ည ၁၀း၃၀)
နောက်ဆုံးတွေ့ဆုံမှု မရှိ
ဘုန်းမောက်က နည်းပြ ဟိုဝီကို သက်တမ်းတိုးပြီး နောက်ပိုင်း ရလဒ်တွေ ဆက်တိုက် ကျဆင်းနေတယ်။ နောက်ဆုံးနှစ်ပွဲမှာ မန်စီးတီးနဲ့ စပါးကို တစ်ပွဲ ငါးဂိုးပေးပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဆောက်သမ်တန် အားနည်းတဲ့ ခံစစ်ပိုင်းကိုလည်း ဘုန်းမောက် အခွင့်အရေး ယူနိုင်တဲ့ အနေအထားမျိုး မရှိဘူး။ ဆောက်သမ်တန်ကိုပဲ ရွေးချယ်ရမှာပါ။
■စပါး နှင့် အက်စတွန်ဗီလာ
(၃-၁၁-၁၅ အင်္ဂါ နံနက် ၂း၃၀)
ယမန်နှစ်ရလဒ် စပါး ဝ-၁ ဗီလာ
စပါးတိုက်စစ်မှူး ဟာရီကိန်း ဂိုးသွင်း ခြေပြန်တွေ့နေတာက ဒီရာသီ ပရီးမီးယား လိဂ် ရှုံးပွဲအများဆုံး (ရှစ်ပွဲ) ဖြစ်နေတဲ့ ဗီလာအတွက် သတင်းဆိုးပါပဲ။ နည်းပြ တင်မ်ရှားဝုဒ်ကို ထုတ်ပယ်ထားပြီး ယာယီနည်းပြ ကီဗင်မက်ဒေါ်နယ်နဲ့ လာမယ့် ဗီလာက ဝှိုက်ဟတ်လိန်းမှာ ထူးထူးခြားခြား လုပ်ပြနိုင်စရာ မရှိပါဘူး။ စပါး ဂိုးပြတ်နိုင်မှာပါ။
မော်ရင်ဟို အသက်ဆက် နိုင်ပွဲ ရှာနိုင်မလား၊ လီဗာပူးလ်နဲ့ ယာဂန်ကလော့ပ်ကပဲ ပျောက်ဆုံးနေတဲ့နိုင်ပွဲ လန်ဒန်မှာရှာတွေ့မလား