အမိန့်မချဘဲ ရုံးပြန်ချိန်းဆိုသဖြင့် မိကျောင်းကန် ပြည်သူ ၁၃ ဦးနှင့် ၎င်းတို့ကို ထောက်ခံ ဝန်းရံသူများက တရားစီရင်ရေး မဏ္ဍိုင်အား ပြစ်တင်ဝေဖန်

အမိန့်မချဘဲ ရုံးပြန်ချိန်းဆိုသဖြင့် မိကျောင်းကန် ပြည်သူ ၁၃ ဦးနှင့် ၎င်းတို့ကို ထောက်ခံ ဝန်းရံသူများက တရားစီရင်ရေး မဏ္ဍိုင်အား ပြစ်တင်ဝေဖန်
Published 30 October 2015
ရှိုင်းလင်းအောင်

မိကျောင်းကန်ပြည်သူ ၁၃ ဦးအား ပြီးခဲ့သည့် ရုံးချိန်းတွင် လသာစည်ပင် တရားရုံးက အောက်တိုဘာ ၃၀ ရက် အမိန့်ချမည်ဟု ပြောကြားခဲ့ပြီးမှ အမိန့်မချဘဲ ရုံးပြန်ချိန်းခဲ့သဖြင့် မိကျောင်းကန် ပြည်သူ ၁၃ ဦးနှင့် ၎င်းတို့ကို ထောက်ခံဝန်းရံသူများက တရားစီရင်ရေး မဏ္ဍိုင်အား အောက်တိုဘာ  ၃၀ ရက်တွင် မေးခွန်းထုတ် ပြစ်တင် ဝေဖန်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မိကျောင်းကန် ပြည်သူများသည် လသာ စည်ပင်သာယာ တရားရုံးမှ တရားရင်ဆိုင်ပြီး ပြန်ထွက်လာစဉ်  ‘မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေ ဘယ်သူမြေလဲ . . .တို့မြေ’ ‘စစ်တပ်ပိုင်မြေဆိုတာ ဟုတ်သလား . . . မ ဟုတ်ဘူး’ စသည်တို့ကို ရုံးပြန်ထုတ်လာပြီးနောက် ကြွေးကြော်ခဲ့ကြသည်။
ထိုသို့ ကြွေးကြော်ခဲ့ကြပြီးနောက် စည်ပင်ဥပဒေ ပုဒ်မ  ၆၈ ဖြင့် တရားရင်ဆိုင်နေရသည့် မိကျောင်းကန် ပြည်သူတစ်ဦးက “တရားရေးအရ လျှောက်လဲချက် ပေးတယ်ဆိုပြီးတော့ အဘွားအိုတွေကို နောက်ထပ်တစ်ခါ ထပ်ချိန်းပါတယ်။ အခုလို အသက်ကြီးတဲ့ အဘွားအိုတွေဟာ ရုံးချိန်းတစ်ခါ တစ်ခါထွက်ရင် သူတို့အတွက် ကျန်းမာရေးအရ အရမ်းထိခိုက်ပါတယ်။ အဲဒီလို မညီမျှတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို ရှုတ်ချပါတယ်။ အမိန့်ချမယ်ဆိုပြီး မချဘဲ ရုံးချိန်းတွေ ချိန်းနေတာက အသက်ကြီးတဲ့ အဘွားအိုတွေအတွက် အသက် အန္တရာယ်ရှိတယ် ဆိုတာ အစိုးရကို ဒီနေရာက အသိပေး လိုက်ပါတယ်” ဟု လသာ စည်ပင်ရုံးရှေ့တွင် ပြောကြားသည်။
ထို့ပြင် မိကျောင်းကန် ပြည်သူများအား လာရောက် ဝန်းရံသူများကလည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့ခြင်းကို ကန့်ကွက် ရှုတ်ချပါကြောင်းနှင့် တရားစီရင်ရေးကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။
“အရင်တစ်ခေါက်ကတော့ ဒီကနေ့မှာ အမိန့်ချမယ်လို့ ပြောခဲ့တယ်။ အခုကျတော့ အမိန့်မချဘဲ ရုံးချိန်းကို ထပ်ချိန်းတယ်။ ကျောက်တံတားက အမိန့်ချလို့ ထောင်လည်းကျနေပြီ။ ရုံးထုတ်လာရင် အသက်ငယ်တဲ့ သူတွေက ကိစ္စမရှိဘူး။ အသက်ကြီးတဲ့ သူတွေ ပါနေတာကတော့ သူ့တို့အတွက် စိုးရိမ်ရတယ်။ အမှုကို မှန်မှန်နဲ့ မြန်မြန် အမိန့်ချစေချင်တယ်” ဟု အောက်တိုဘာ ၃၀ ရက်တွင် မိကျောင်းကန် ပြည်သူများ၏ ရုံးချိန်းကို လာရောက်ခဲ့သည့် အမျိုးသမီး တစ်ဦးက ဆိုသည်။
အဆိုပါ မိကျောင်းကန် သပိတ်စခန်းဖွင့် ပြည်သူများသည် ၁၉၉၀-၁၉၉၁ ခုနှစ်များက သိမ်းဆည်းခံ ထားရသည့် ၎င်းတို့၏ မြေယာများ ပြန်လည် ရရှိရန်အတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံဘေးတွင် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုသည့် ရက်ပေါင်း ၃၄၀ မြောက်နေ့ဖြစ်သည့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နံနက် အစောပိုင်းတွင် စည်ပင် ရဲဝန်ထမ်းများနှင့် အရပ်ဝတ်များက သပိတ်စခန်းအား ဖြိုခွဲခဲ့ကြသည်။
ထို့သို့ သပိတ်စခန်း ဖြိုခွဲခံခဲ့ရပြီးနောက် မိကျောင်းကန်ပြည်သူ ၁၄ ဦးအား ကျောက်တံတား တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် လေးလ ချမှတ်ခဲ့ပြီး လသာ စည်ပင်သာယာ တရားရုံးကမူ စည်ပင်ပုဒ်မ ၆၈ အတွက် အမိန့်မချသေးသဖြင့်  တရား ရင်ဆိုင်နေဆဲ ဖြစ်ကြောင်း သိရသည်။
ထောင်ဒဏ် ချမှတ်ခံထားရသည့် မိကျောင်းကန် ပြည်သူများထဲတွင်  အသက်အရွယ် ကြီးရင့်သူများ၊ ကျောင်းသားများ ပါဝင်နေပြီး ထောင်ကျနေသဖြင့် စာမေးပွဲ ဖြေဆိုခွင့် ဆုံးရှုံးရမှုနှင့် မဲပေးခွင့် ဆုံးရှုံးမှု စသည်တို့ ရှိနေကြောင်း မိကျောင်းကန် ပြည်သူများက ရုံးထုတ်စဉ် ပြောကြားသည်။
ယင်းမိကျောင်းကန် ပြည်သူများအနက် တစ်ဦးဖြစ်သည့် ဦးဝင်းရွှေ(ခ)မောင်မောင်မှာမူ ရုံးချိန်းများကို လာရောက်ခြင်း မပြုဘဲ တိမ်းရှောင်နေသည့်အတွက် ကျောက်တံတားမြို့နယ် တရားရုံးနှင့် လသာ စည်ပင်သာယာ တရားရုံးတို့က တရားခံပြေး သတ်မှတ်ထားသည်။
        

Most Read

Most Recent