“အစတုန်းကတော့ ငါမရှိရင် မဖြစ်ဘူး၊ ငါမလုပ်နိုင်ရင် မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ တာဝန်ယူမှုတွေ ဘယ်က ဘယ်လိုရောက်လာမှန်း မသိတဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်ကောင်းတွေနဲ့ အသေအကျေ ကြိုးစားတာပဲ။ ဒါပေမဲ့ တခြားတစ်ယောက်ကလည်း တာဝန်တွေကို ခွဲဝေယူပေးနိုင်တဲ့ အချိန်ကိုရောက်လာတော့ သြော် သူတစ်ယောက်တည်း အင်အားနဲ့လည်း ဖြစ်တာပဲ။ ငါမရှိလည်း၊ ငါမလုပ်နိုင်လည်း ဘာမှမဖြစ်တော့ပါဘူးလေ ဆိုတဲ့ စိတ်ဝင်သွားတဲ့အခါ ပေါ့လျော့လာတယ်။ သူ့တာဝန် သူတင်မဟုတ်ဘူး၊ ကိုယ့်တာဝန်တွေပါ သူ့ကို လွှဲပြောင်းပေးလိုက်ပြီး ကိုယ်က ဘာတာဝန်မှ မယူဖြစ်တော့ဘူး။ ကြာတော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်၊ ငါ့ကို အထင်သေး ကုန်ကြပြီလားဆိုတဲ့ အတွေးတွေထဲ ကိုယ့်ကိုယ်ကိုယ် မကျေနပ်မှုတွေဖြစ်လာ၊ ငါက မရှိမဖြစ်မှ မဟုတ်တော့တာ ဒီမိသားစုအတွက်၊ ဒီအဖွဲ့အစည်းအတွက် အရေးပါတဲ့သူမှ မဟုတ်တော့တာဆိုတဲ့ စိတ်တွေနဲ့ ဘာမှမလုပ်နိုင်တော့ဘူး ဖြစ်သွားတော့တာပဲလို့ ကျွန်မ သူငယ်ချင်း အိမ်ကိုရောက်တုန်းက သူ့အမေနဲ့ စကားပြောရင်း သူ့အမေက သူမရဲ့ လက်ရှိ ခံစားချက်တွေကို ပွင့်လင်းစွာပဲ ရင်ဖွင့်ပြောပြ ရှာပါတယ်။
ကျွန်မသူငယ်ချင်းမှာ အဖေ မရှိတော့ပါဘူး။ သူရယ်၊ သူ့အမေရယ်၊ သူ့မောင်လေး နှစ်ယောက်ရယ်နဲ့ အတူတူ နေထိုင်နေကြတာပါ။ သူ့အဖေဆုံးသွားတဲ့ လွန်ခဲ့တဲ့ သုံးနှစ်တာ ကာလက သူတို့ မိသားစုအတွက် အခက်ခဲဆုံး အချိန်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။သားသမီး သုံးယောက်နဲ့ ကျန်ခဲ့ရတဲ့ သူ့အမေက သားသမီး သုံးယောက်ရဲ့ ပညာရေး၊ အိမ်ရဲ့ စားဝတ်နေရေးကစလို့ အစစ အရာရာအတွက် သူကိုယ်တိုင် ဦးဆောင်ပြီး ခက်ခက်ခဲခဲ ရုန်းကန် ဖြတ်သန်းခဲ့ရတာပါ။ အခုချိန်မှာတော့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့ ကျွန်မသူငယ်ချင်းမလေးရဲ့ တစ်လဝင်ငွေက သူတို့ မိသားစု စားဝတ်နေရေးအတွက် အတော်အတန် လုံလောက်တဲ့ အနေအထားတစ်ခု ဖြစ်လာတဲ့အတွက် သူ့အမေက အလုပ်မလုပ်တော့ဘဲ ကျန်တဲ့ သားနှစ်ယောက်ကို ပြုစု စောင့်ရှောက်ရင်းသာ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ ကျွန်မသူငယ်ချင်း တစ်ယောက်တည်းရဲ့ဝင်ငွေက သူတို့ မိသားစုအတွက် အတန်အသင့် အဆင်ပြေနေပေမယ့်လည်း တက္ကသိုလ်ဝင်တန်း ကျောင်းသားဖြစ်သူ မောင်လေးအတွက် ရှစ်တန်းကျောင်းသားဖြစ်သူ မောင်လေးတို့ရဲ့ တစ်လတစ်လ ကျူရှင်လခတွေ၊ အသုံးစရိတ်တွေ၊ အခြားအထွေထွေ စရိတ်တွေနဲ့ဆိုတော့ သူ့မှာ အမြဲလို လုံးလည်ချာလည် လိုက်နေလိုက်တာပါပဲ။ ဒီကြားထဲ သူ့မောင်လေးတွေက ခပ်ဆိုးဆိုးပါ။ ကျောင်းမှာ အမြဲရန်ဖြစ် ပြဿနာတက်လို့ လိုက်ရှင်းရ၊ ကျောင်းမှာ စာမေးပွဲတွေ ခဏခဏကျလို့ ကျောင်းကိုလိုက်ရတဲ့ ပြဿနာတွေဆိုတာ အမြဲပါပဲ။ သူငယ်ချင်းရဲ့ အမေကလည်း အရင်လို အလုပ်မလုပ်ဖြစ်တာ ကြာတော့ တခြား အလုပ်မလုပ်ဖြစ်တော့ဘဲ ငွေလိုအပ်တဲ့အခါ လွယ်လွယ်ကူကူ နှစ်လုံးထီလေး၊ ဘာလေး စမ်းသပ်ထိုးရင်းကနေ နောက်ပိုင်း တဖြည်းဖြည်းနဲ့ အဲ့ဒါကိုပဲ အားကိုးပြီး ကိုယ့်ရှိတဲ့ငွေအပြင် အကြွေးတွေပါ နစ်လာခဲ့ပါတယ်။ အခုတော့ အိမ်ရဲ့စားဝတ်နေရေး၊ မိသားစု ရပ်တည်ရေးအတွက်အပြင် တင်နေတဲ့အကြွေးတွေကိုပါ ကျွန်မ သူငယ်ချင်း တစ်ယောက်တည်းက ဒိုင်ခံဖြေရှင်းနေရတာကို မြင်ရတော့ သူ့အမေဖြစ်သူကလည်း စိတ်မကောင်းဖြစ်ပြီး သူကိုယ့်သူလည်း အပြစ်တွေတင်၊ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ဘဲ စိတ်ပျက်အားငယ်စွာနဲ့ သူ့ခံစားချက်ကို ပြောပြရင်း မျက်ရည်တွေလည်း ကျနေခဲ့ပါတယ်။
သူတို့ မိသားစု ပြဿနာကို ကြားသိရတော့ သူတို့ရင်ဆိုင်နေရတဲ့ကိစ္စ၊ လက်ရှိ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လူအများစု ရင်ဆိုင်နေကြရတဲ့ အလားတူ ကိစ္စတွေကို ကြည့်ခြင်းအားဖြင့် အပြန်အလှန် ပံ့ပိုးကူညီမှု မရှိတဲ့၊ အနည်းဆုံးတော့ ကိုယ့်တာဝန် ကိုယ်မယူနိုင်ကြတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ မိသားစုတစ်စု (သို့) အဖွဲ့အစည်းတစ်ခုက အောင်မြင်ဖို့ ခက်ခဲတယ်။ ရပ်တည်ဖို့ မလွယ်ကူဘူးဆိုတာ ပိုမို နားလည်လာရတယ်။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကြရတဲ့ ရှင်သန် ရပ်တည်ကြရတဲ့ မိသားစု၊ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်ကြားမှာ ဘယ်နေရာမှာမှ တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ ရပ်တည်ဖို့ မလွယ်ကူပါဘူး။ မျှတမှုဆို တာမရှိတဲ့အတွက် အဆင်မပြေမှုတွေ၊ စိတ်ညစ်စရာတွေ၊ အရှုံးတွေဆိုတာချည်းပဲ ရရှိလာကြပါတော့တယ်။ ငွေကြေးပိုင်းကိုမှ ပြောတာမဟုတ်၊ စီးပွားရှာတဲ့ ကိစ္စတစ်ခုတည်းကိုမှ ပြောတာမဟုတ်ပါဘူး။လူတစ်ဦးချင်းက ဘယ်သူမှ တာဝန်မပေးအပ်ရင်တောင် ကိုယ့်အသိစိတ်နဲ့ကိုယ် ကိုယ်လုပ်စရာရှိတာကို တာဝန်ကျေပွန်အောင် တာဝန်ယူ အသိစိတ်နဲ့ လုပ်ဆောင်သင့်ပါတယ်။
စီးပွားရေး နယ်ပယ်မှာပဲဖြစ်ဖြစ်၊ အနုပညာ နယ်ပယ်မှာပဲဖြစ်ဖြစ်၊ လူမှုရေး၊ မိသားစု အရေး ဘယ်လိုနေရာ ဘယ်လိုနယ်ပယ် ဘယ်လိုအဖွဲ့အစည်းမှာပဲဖြစ်ဖြစ် တစ်ဦးကောင်း တစ်ယောက်ကောင်း အားနဲ့ရှေ့ဆက်ရင် ယိုင်နဲ့နဲ့ ဖြစ်နေဦးမှာပဲ။
ဥပမာအားဖြင့် လုပ်ငန်းခွင်ဆိုရင်လည်း တစ်ဦးချင်းအတွက် သီးသန့် တာဝန်ခွဲေ၀ ပေးထားတာတွေ ရှိရင်ရှိမယ်။ စုပေါင်းပြီး အတူတကွ လုပ်ဆောင်ရမှာတွေ ရှိကောင်းရှိမယ်။အတူကြိုးစားပြီး အောင်ပွဲခံရမယ့် အလုပ်တွေကို တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်နဲ့ ကိုယ်တစ်ယောက်တည်း နာမည်ကောင်းရဖို့၊ ငွေတွေ ဂုဏ်တွေ၊ ရာထူးတွေအတွက် ခွဲဝေမလုပ်၊ ပူးပေါင်းမလုပ်ဘဲ မနိုင်ဝန်ကို ထမ်းပြီး ကိုယ်တစ်ယောက်တည်းကပဲ သိမ်းကျုံးလုပ်မယ်ဆိုရင် တစ်ဦးချင်းစီရဲ့မတူညီတဲ့ အတွေးအမြင်တွေ၊ မတူညီတဲ့ အကြံဉာဏ်ကောင်းတွေ မပါဝင်နိုင်တဲ့အတွက်၊ ကိုယ့်အမြင်သက်သက်နဲ့ လုပ်တာဖြစ်တဲ့အတွက် ရလာမယ့် ရလဒ်ကလည်း ပြီးပြည့်စုံမှု ဆိုတာရှိမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုမှ မဟုတ်ဘဲ တာဝန်ကိုယ်စီ ခွဲထားပေမယ့်လည်း တစ်ဦးချင်းစီကနေ ကိုယ့်တာဝန် ကိုယ်အလေးမထားတာမျိုး တာဝန်ယူမှု မရှိရင်လည်း အဲ့ဒီအဖွဲ့အစည်းက ရေရှည်မှာ ဘယ်လိုမှ မအောင်မြင်နိုင်တော့ပါဘူး။ တာဝန်ယူရမယ်ဆိုတိုင်းလည်း မနိုင်ဝန်ထမ်းတာမျိုး၊ ကိုယ်နဲ့ ဘယ်လိုမှ အံမဝင်တဲ့ တာဝန်မျိုးကို ပေးအပ်လာခဲ့ရင်လည်း ကိုယ်မလုပ်နိုင်တာမျိုးကို ယဉ်ကျေးစွာ ငြင်းပယ်နိုင်စွမ်းရှိဖို့တော့လည်း လိုအပ်ပါတယ်။ တာဝန်ခံပြီးမှ အကြောင်းတစ်ခုခုကြောင့် ပျက်ကွက်တဲ့အခါ ဘယ်လောက်ထိ စိတ်ဒုက္ခရောက် အခက်အခဲဖြစ်ရလည်းဆိုတာ ကျွန်မကိုယ်တိုင်လည်း ကြုံဖူးတဲ့အတွက်ပါ။
လောကမှာ နောက်ထပ် တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေလည်း ရှိပါသေးတယ်။အဲ့ဒါကတော့ ကိုယ်သက်သာဖို့ အတွက်ပဲ ကိုယ်ကြည့်ကြတယ်။ တစ်ခုခု အခက်အခဲ ကြုံလာတဲ့အခါ ပူးပေါင်း တိုင်ပင် မဖြေရှင်းဘဲ ကိုယ်လွတ်ရုန်းကြတယ်။သူတို့က တာဝန်ယူမှု မရှိတဲ့အတွက် သူတို့ကိုယ်တိုင်အနေနဲ့ စိတ်လွတ်လပ် ပေါ့ပါးတာ မှန်ပေမယ့် တစ်ဖက်မှာလည်း တာဝန်ယူမှု စိတ်မရှိတဲ့အတွက် အချိန်ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်၊ အထင်သေးစိတ်၊ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ် ငါလုပ်လို့ ဖြစ်ပါ့မလားဆိုတဲ့ သံသယ ဖြစ်စိတ်တွေ ဝင်လာတတ်သလို ကြိုးစား အားထုတ်ချင်စိတ်တွေလည်း တဖြည်းဖြည်း လျော့ကျသွားတတ်တဲ့အတွက် ကိုယ့်ရဲ့ အရည်အချင်းတွေက တဖြည်းဖြည်း ငုပ်လျှိုးသွားတတ်ပါတယ်။
လူတစ်ဦး တစ်ယောက်တည်းကသာ ကောင်းပြီး အရာအားလုံးကို တာဝန်ယူတတ်လွန်းရင်လည်း အဆင်မပြေနိုင်သလို၊ တာဝန်ယူမှု လုံးဝမရှိဘဲ ကိုယ်လွတ်ရုန်းတတ်တဲ့ သူတွေနဲ့ ဖွဲ့စည်းထားတဲ့ မိသားစုတစ်စု(သို့) အဖွဲ့အစည်းက ဘယ်လိုမှ စိတ်ချမ်းသာပြီး အောင်မြင်စွာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အားလုံးက တက်ညီလက်ညီနဲ့ အပြန်အလှန် တန်ဖိုးထား လေးစားမှု၊ ကူညီပံ့ပိုး ကြိုးစားမှု၊ အပြန်အလှန် တာဝန်ခွဲဝေယူ လုပ်ဆောင်နိုင်မှုတွေ ရှိကြမယ်ဆိုမှသာ အောင်မြင်သော မိသားစုဘဝ၊ အောင်မြင်သော အဖွဲ့အစည်းတစ်ခု၊ အောင်မြင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်မှာပါဆိုတာ ပြောကြားရင်း..။










