၂၀၁၅ အမျိုးသမီး တင်းနစ် ပြိုင်ပွဲ၏ ရာသီပိတ် WTA Finals ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၅ ရက်က စတင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ယင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်း ရပ်တည်နိုင်သည့် တင်းနစ်မယ် ရှစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရသည့် ပြိုင်ပွဲဖြစ်ပြီး ချန်ပီယံဆုကို ငါးကြိမ်အထိ ဆွတ်ခူးရရှိထားသည့် ကမ္ဘာ့အဆင့် ၁ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံ ကြံ့ခိုင်မှု ပြဿနာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသဖြင့် ၎င်းနေရာတွင် တစ်ဦး အစားထိုး ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
ယခုပြိုင်ပွဲ၌ ကစားသမားလေးဦးလျှင် တစ်အုပ်စုစီ ခွဲခြားထားပြီး အနီရောင်အုပ်စုတွင် ဟာလက်ပ်(ရိုမေး နီးယား)၊ ရှာရာပိုဗာ (ရုရှား)၊ ရက်ဝန်စကာ (ပိုလန်)၊ ၂၀၁၅ ယူအက်စ်အိုးပင်း ချန်ပီယံ ပန်နက်တာ (အီတလီ) တို့ ဆုံတွေ့ကာ အဖြူရောင် အုပ်စုတွင်မူ မူဂူရူဇာ (စပိန်)၊ ခီဗီတိုဗာ(ချက်)၊ ကာဘာ(ဂျာမနီ) နှင့်ဆာဖာရိုဗာ (ချက်)တို့ ကျရောက်လျက်ရှိသည်။ နာမည်ကြီး တင်းနစ်မယ်များ ပါဝင်သည့် အနီရောင်အုပ်စုမှာ အုပ်စုကျပ်အဖြစ် သတ်မှတ်ခံထားရပြီး အုပ်စုတစ်ခုမှ နှစ်ဦးစီ ဆီမီး ဖိုင်နယ်သို့ တက်ရောက်ခွင့် ရမည် ဖြစ်သည်။
ပြိုင်ပွဲမစတင်မီ ကစားသမားအများစု ကြံ့ခိုင်မှုပြဿနာနှင့် ရင်ဆိုင်နေရပြီး ရှာရာပိုဗာမှာ ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ယှဉ်ပြိုင်ခြင်း ဖြစ် သလို ဟာလက်ပ်မှာ ခြေဖနောင့် ဒဏ်ရာ၊ မူဂူရူဇာမှာပေါင်နှင့် ခြေချင်းဝတ် ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။ သို့သော် ယခုနှစ်အတွင်း ပြိုင်ပွဲခြောက်ခု၌ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး ချန်ပီယံဆု နှစ်ကြိမ်ရရှိ ထားသူ မူဂူရူဇာမှာ ဗိုလ်စွဲရန် အလေးပေးမှု ၁၀း၃ လေး ဖြင့် ရေပန်းအစားဆုံး ဖြစ်နေပြီး ဟာလက်ပ်၊ ရက်ဝန်စကာနှင့် ရှာရာပိုဗာတို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။ ယခုပြိုင်ပွဲတွင် အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပ လျက်ရှိပြီး ဆီဒင် ၁ သတ်မှတ်ခံထားရသည့် မာတီနာဟင်းဂစ် (ဆွစ်ဇာလန်) နှင့်မီယာဇာ (အိန္ဒိယ) အတွဲက ဗိုလ်စွဲရန် ရေပန်းစားနေသည်။ ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၁ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အမျိုးသမီးတင်းနစ် ရာသီပိတ် WTA Finals ပြိုင်ပွဲ စင်ကာပူနိုင်ငံတွင် စတင်ကျင်းပ လက်ရှိချန်ပီယံ ဆရီနာဝီလျံ မပါဝင်ဘဲ စပိန်တင်းနစ်မယ် မူဂူရူဇာ ဗိုလ်စွဲရန် ရေပန်းစားနေ