မိုးလင်းသွားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး

မိုးလင်းသွားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး
Published 24 October 2015
အေသင်ဇော်ဇော်

 
အဲဒီညမှာ ငြင်းခုံမှုဟာရေချိန်တက်ခဲ့တယ်။ တော်ရုံငြင်းခွင့် ပြန်မရတဲ့သူများနဲ့ လာမယ့် ရွေးကောက်ပွဲနဲ့ လက်ရှိုမြန်မာ့နိုင်ငံရေးအကြောင်း ငြင်းခုံနေခဲ့ရခြင်း ဖြစ်ပါရဲ့။ သူတို့တွေကဘယ်သူတွေလဲ။ သူတို့တွေက ...... ။
 
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ကျွန်တော်တို့ဟာ အခြေခံပညာမူလတန်းမှာ ကျောင်းတက်နေခဲ့ကြတဲ့ ကလေးငယ်တွေထဲကအများဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျက်ခဲ့ရတဲ့ သမိုင်းလိမ် စာတွေဟာ အဲဒီအချိန်တုန်းက ကျွန်တော်တို့အတွက် ကမ္ဘာတစ်ခုပါပဲ။ စတိတ်ကျောင်းတွေ တစ်ဆင့်ပြီးတစ်ဆင့် သင်ယူဖြစ်လာကြတဲ့အခါ ကိုယ့်ဝေဖန်မှုနဲ့ကိုယ်၊ ကိုယ့်အတွေးအခေါ်နဲ့ကိုယ် ကျွန်တော်တို့တွေ ကွဲထွက်လာခဲ့ကြတယ်။ 
 
လူဟာ မျိုးဆက် ဆင့်ပွားပြောင်းလဲမှုနဲ့အတူ ကမ္ဘာကိုပြောင်းလဲဖို့ ကြိုးစားချင်တဲ့ ဗီဇတွေ ကပ်ငြှိတွယ်နေတယ်။ ဒါပေမဲ့ လူသားတိုင်းကအပြောင်းအလဲမှာ စီးဝင်ဖို့ ကြိုးစားနေကြတာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ ငယ်ငယ်တည်းကဆုံဆည်းခဲ့တဲ့ သူငယ်ချင်းတွေမှာလည်း အဲလိုပဲ။ 
 
“မင်းတို့ ရွာအတွက် စဉ်းစားမှာလား။ လုပ်ချင်တာလုပ်ကြမှာလား” လို့ ခေါင်းစဉ်တပ်လိုက်တဲ့ မေးခွန်းကတောနယ်ကရွာတွေမှာ သားအဖချင်းစကားများ၊ ညီအစ်ကိုချင်းရန်ဖြစ်၊ အပေါင်းအဖော်တွေကြား စိတ်ဝမ်းကွဲ။ ဒီလိုအစရှိတဲ့ အပြောင်းအလဲတစ်ခုဆီ ရွှေ့လျားရာမှာ ဖြစ်လေ့ဖြစ်ရှိတဲ့ အလှုပ်အခတ်ဂုဏ်သတ္တိတွေက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတည်းက အတွေ့အကြုံရှိပြီးသား။ 
 
“ဒီစာကို ဝေလိုက်လို့ ထီဘယ်လောက်ဖိုးပေါက်သွားတယ်။ မဝေမိလို့ ကားတိုက်ခံရတယ်” ဆိုတဲ့ ကြောင်တောင်တောင် ဝေခိုင်းတဲ့ စာတွေထက် နည်းနည်းလေးလက်တွေ့ပိုဆန်တဲ့ “ဒီပါတီကိုမဲပေးရင် အလယ်တန်းကျောင်းတစ်ကျောင်းဆောက်ပေးမယ်။ မပေးရင်တော့ မဆောက်ပေးဘူး” ဆိုတဲ့ ခြိမ်းခြောက်မြူဆွယ်မှုတွေက လူကြီးတွေနဲ့ လူငယ်တွေကြားမှာ အဖုအထစ်တွေ ပုံပွလို့။
 
ရွာတစ်ရွာမှာ အလယ်တန်းကျောင်း မရှိဘူး။ ပါတီတစ်ခုကသူတို့ကိုထည့်ရင် အလယ်တန်းကျောင်း ဆောက်ပေးမယ်လို့ ဂတိပေးထားတယ်။ ရွေးကောက်ပွဲပြီးတာနဲ့ကို ဆောက်ပေးမှာ။ ကိုယ့်ရွာကကလေးတွေ သူများရွာမှာ အလယ်တန်းသွားတတ်ကြတဲ့အခါ ရွှံ့ထဲ၊ ဗွတ်ထဲ အချိန်အကြာကြီး လမ်းလျှောက်ရတာမျိုးကို ရွာကလူကြီးတွေက မမြင်လိုတော့ဘူးလေ။ 
 
ဒါပေမဲ့ တကယ်အချိန်လည်းရောက်ရော အဲရွာကအဲဒီပါတီကြီးကို မဲမထည့်ကြဘူးလေ။ ခုနကလို အပြောင်းအလဲလိုချင်တဲ့ လူငယ်အုပ်စုကတစ်ရွာလုံးကို စည်းရုံးရေးဆင်းထားလိုက်တာ အဲဒီပါတီကလူတွေနဲ့ လက်ဝါးရိုက်ထားတဲ့ ရွာလူကြီးတောင် နားကားသွားတာပဲ။ အကျိုးဆက်ကဘာဖြစ်လာခဲ့လဲ။ အဲဒီရွာကို အလယ်တန်းကျောင်း မဆောက်ပေးတော့ဘူး။ စစ်မှန်လိုက်တဲ့ စေတနာရယ် ... ။
 
ဒီတော့မှ ရွာလူကြီးရဲ့ ညီအရင်းဖြစ်တဲ့ အဲဒီပါတီကြီးကိုမဲမပေးဖို့ လိုက်ပြောတဲ့သူကို ရွာလူကြီးကထိုးပါလေရော။ “မင်းတို့လုပ်လို့ ငါတို့ ကလေးတွေ ဒုက္ခရောက်ပြီ။ ကဲအခုကော ဘာထူးလို့လဲ။ သူတို့ နိုင်တာပဲမဟုတ်ဘူးလား။ မှတ်ထားကွ။ ငါလည်းမင်းထက်တောင် တော်လှန်ချင်ခဲ့သေးတာ။ အခုအချိန်မှာရွာအတွက် ကြည့်နေရလို့”။ သူ့အသံမှာဒေါသတွေ ခြုံလွှမ်းလျှက် …။
 
လူတွေ ဝိုင်းဆွဲ။ အမေဖြစ်တဲ့သူက ငိုလိုငို။ မိန်းမချင်း ရန်ဖြစ်။ ပွဲကအတော်လှခဲ့လေရဲ့။ ညီဖြစ်သူကတော့ အကြာကြီးစဉ်းစားပြီးအေးအေးဆေးဆေး ပြန်ပြောလိုက်တယ်။ “စာသင်ကျောင်းတစ်ကျောင်းအတွက် မင်းက အရာရာရောင်းစားချင်နေတာပဲ။ မင်းညီဖြစ်ရတာ ငါ ရှက်တယ် အစ်ကိုကြီး”
 
အဲလိုဇာတ်လမ်းမျိုးစုံဟာ အဲဒီအချိန်မှာပဲ အဆုံးသတ်ခဲ့ခြင်းမျိုးမဟုတ်။ ၂၀၁၅ ခုနှစ်အထိ လိုက်ပါလာလေတယ်။ ရွှေးကောက်ပွဲနီးလေလေ၊ အဲဒီကွဲလွဲမှုကမသိမသာအင်အားရှိလာလေလေ ဖြစ်တယ်။ သူတို့ကအရှောင်အတိမ်းတော့ ပါးနပ်သား။ ဦးနှောက်မရှိလို့၊ အတွေးခေါင်းလွန်းလို့ အဲဒီပါတီကြီးကိုမဲထည့်ဖို့ တိုက်တွန်းတာမဟုတ်ဘူး။ ရွာအတွက်ပါဆိုတဲ့ စကားလေးနဲ့ တန်ဆာဆင်လို့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ် နားဖားကြိုး ပြန်ထိုးတတ်တဲ့ အစိုးရမျိုးအတွက် မဲဆွယ်ပေးနေတဲ့ သူတို့ကိုချီးကျူးစရာစကားမရှိ။ 
 
အသက် ၈၀ လောက်ရှိတဲ့ အဖိုးတစ်ယောက်ကပြောတယ်။ “ငါကသေတော့မှာ။ ဒါပေမဲ့ ငါ့မြေးတွေ အနာဂတ်အတွက် မဲထည့်မယ်။ ဒီအစိုးရကငါတို့ကို ကျွန်တွေလိုခိုင်းခဲ့တာကွ”။ အဲဒီအခါ ဟိုပါတီကြီးဘက်ကမဲဆွယ်ရေးသမားက “အခုပြောင်းလဲနေပါပြီးအဖိုးရယ်။ လမ်းတွေ၊ စာသင်ကျောင်းတွေ လုပ်ပေးနေတာပဲလေဗျာ” တဲ့။ 
 
ဒီတော့မှ အဖိုးက “သူတို့အခုလာပြင်ပေးတဲ့ လမ်းကို ငါတို့ တစ်ချိန်က လုပ်အားပေးဆိုပြီး ခေါ်ခိုင်းလို့ ဖောက်ခဲ့ရတာကွ။ တတ်နိုင်သလောက် လုပ်ရတာမဟုတ်ဘူး။ သူတို့ လုပ်ခိုင်းသလောက် လုပ်လို့ မပြီးရင် ဖိနပ်နဲ့ ကန်။ သေနတ်နဲ့ထု။ မင်းတို့ အဲဒါမျိုးခံခဲ့ဖူးလား” လို့ ဒေါသသံနဲ့ တောက်တီးလေတော့တယ်။
 
သူတို့နှစ်ဦးရဲ့ စကားနိုင်လုပွဲက အဆက်မပြတ်ပါ။ သို့သော် အဖြေမထွက်။ မဲဆွယ်သူက ပြုပြင်ရေးတွေ လုပ်နေတာကို မမြင်ဘဲ ဒီလူ အတိတ်ကိုပဲ ပြန်သွားနေကြတယ်လို့ ထင်တယ်။ အဖိုးကတော့ အဲဒီပါတီကြီးနဲ့ အဲတုန်းကလုပ်ခဲ့သူတွေနဲ့ အတူတူလို့ မြင်တယ်။ 
 
အစပြန်ကောက်ရမယ်ဆိုရင် ပထမဆုံးစာကြောင်းမှာ ကျွန်တော်တို့ရဲ့ ငြင်းခုံမှုဆိုတာက အဲလိုအဲလိုတွေ ဖြစ်နေတဲ့ လူတွေကို “ဘာ့ကြောင့် ဘယ်သူကို မဲထည့်သင့်တယ်” ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော်က အလယ်ကနေ ညှိပေးနေခဲ့ရတာပါ။ ငြင်းခုံရင်း တစ်ဖက်ပေါ့။ တော်ရုံ နယ်ပြန်မရောက်တဲ့ ကျွန်တော်ကို ရပ်ဆွေ၊ ရပ်မျိုးတွေနဲ့ ပါတီစုံက (ပါတီစုံဆိုပေမယ့် နှစ်ပါတီပဲစကားပြောတာပါ) မဲဆွယ်နေတဲ့ သူတွေပါ လာတွေ့ကြတယ်။ ဒီလူတွေ အားလုံးကိုညှိရတာ။ အနိုင်ပြောတာမျိုးမဟုတ်ဘဲ လက်ခံနားလည်လာအောင် ရှင်းပြရတာ အတော့်ကို ခက်သဗျာ။ ကိုယ့်ပြောပြချင်တာတွေထက် သူတို့ရဲ့ ငြင်းခုံမှုကိုအဓိကရှင်းပေးနေရလို့ မိုးလင်းရတာ။ ဒါပေမဲ့ အတွေးလေးတွေတော့ ရသွားကြပါတယ်။
 
နှစ်ပေါင်းများစွာ အခြေတည်လာခဲ့တဲ့ နိုင်ငံရေးပြဿနာ၊  အုပ်ချုပ်ရေးပြဿနာကို ဘာသာရေး၊ လူမျိုးရေး ရှုထောင့်ကနေ ဖြေရှင်းလို့ မရပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအားဖြင့်သာ။ အုပ်ချုပ်ရေးပြဿနာကို အစိုးရသစ် ရွေးကောက်တင်မြှေက်ခြင်းဖြင့်သာ ဖြေရှင်းရပါမယ်။ စာသင်ကျောင်းဆောက်တာ၊ လမ်းဖောက်တာဟာ အစိုးရရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုအပိုင်းသာ ဖြစ်ပါတယ်။ ဘယ်ပါတီကကောင်းတယ်ဆိုခြင်းထက် စစ်မှန်တဲ့အပြောင်းအလဲကို စိတ်ရင်းအမှန်နဲ့ လုပ်မယ့်သူတွေကိုသာ ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့တွေ အကြိမ်ကြိမ် အလိမ်ခံခဲ့ရပြီးပါပြီ။ ပြည်သူတွေရဲ့ အားနဲ့ တည်ဆောက်တဲ့ နိုင်ငံကိုသာ အရောက်သွားလိုပါရဲ့။ ဒီအတွက် လက်ရှိဖြစ်နိုင်တာက အပြောင်းအလဲကို အသက်သွင်းချင်စိတ် အပြည့်ရှိတဲ့ အစိုးရတစ်ရပ် ပီပီပြင်ပြင် တက်လာဖို့ပါပဲ။ နိုင်ငံနဲ့ လူမျိုးကို အချိန်မရွေး ချနင်းဖို့ အဆင်သင့် ဖြစ်နေတဲ့ အစိုးရစနစ်ကို အဆုံးသတ်ဖို့ ကျွန်တော်တို့ ဝိုင်းဝန်းစဉ်းစားကြပါလို့ …… ။

Most Read

Most Recent